ခင်ဦးမြို့မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို ပန်းသပိတ်လုပ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မှာ ဇွန်လ ၁၈ ရက်ဒီနေ့မနက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၈ နှစ်ပြည့်မွေးနေ့အကြိုအဖြစ် ပန်းသပိတ် လှုပ်ရှားမှုလုပ်ခဲ့တယ်လို့ ခင်ဦးမြို့ခံတွေက RFA ကို ပြောပါတယ်။

ပန်းသပိတ် မွေးနေ့အကြိုလှုပ်ရှားသူတွေဟာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ အသက်ရာကျော်ရှည်ပါစေဆိုတဲ့ ဆုတောင်းပြုမှုတွေနဲ့အတူ ကြွေးကြော်ခဲ့ကြတာပါ။

ဒီလှုပ်ရှားမှုကို ခင်ဦးမြို့နယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က ဦးဆောင်ခဲ့တာဖြစ်ပြီး နှစ်တိုင်းလုပ်ခဲ့တာလို့ အဲဒီအဖွဲ့မှာ ပါဝင်သူတစ်ဦးက RFA ကို ပြောပါတယ်။

“အမေစုကို အချုပ်အနှောင်ကနေ ပြန်လွတ်နိုင်ဖို့ ကျွန်တော်တို့ဆန္ဒကို ထုတ်ဖော်တာပါ။ စစ်အာဏာရှင်စနစ် မကျမရှုံးမချင်း အသက်ပေးပြီးတိုက်ပွဲဝင်မယ်လို့ ကတိပြုပါတယ်”

အလားတူပဲ ဝက်လက်မြို့နယ်ထဲမှာလည်း ဇွန်လ ၁၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အကြို လှုပ်ရှားမှုအဖြစ် ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီက စုပေါင်းဆန္ဒပြပွဲလုပ်ခဲ့ပါတယ်။

လာမယ့် ဇွန်လ ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာလည်း ပန်းသပိတ် လှုပ်ရှားမှုတွေလုပ်ဖို့ ဝက်လက်ဒေသခံတွေကို တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့အသက် ၇၅ နှစ်ပြည့် မွေးနေ့နောက်ပိုင်းကစလို့ မွေးနေ့ရက်တွေကို အကျဉ်းထောင်ထဲမှာဖြတ်သန်းနေရတာ သုံးနှစ်ရှိပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီကစွပ်စွဲတဲ့ အမှုပေါင်း ၁၉ အမှုအတွက် ထောင်ဒဏ် ၃၃ နှစ်ကျခံနေရပြီး နေပြည်တော် အချုပ်ထောင်တွင်းက အဆောက်အအုံ တစ်ခုမှာ တစ်ဦးတည်း သီးခြားထိန်းသိမ်းခံထားရပါတယ်။