ရခိုင်ကမ်းရိုးတန်းတောင်ပိုင်း မုန်တိုင်းဝင်ရောက်နိုင်

ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းကို နောက် ၂၄ နာရီအတွင်း မုန်တိုင်းဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မတ်လ ၂၂ ရက် ဒီကနေ့ ညနေ ၄ နာရီမှာ ခန့်မှန်းချက် ထုတ်ပြန်ထားပါတယ်။

အိန္ဒိယမိုးလေဝသဌာနကလည်း မြန်မာ့ကမ်းရိုးတန်း သံတွဲမြို့နယ်တဝိုက်ကို မနက်ဖြန် မတ်လ ၂၃ ရက် မနက်အစောပိုင်းမှာ မုန်တိုင်းဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားတာပါ။

ဒီသတိပေးချက်တွေကြောင့် ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ သံတွဲမြို့နယ်တွေက ဒေသခံတချို့ဟာ ဘေးလွတ်ရာ ကုန်းမြင့်ဒေသတွေကို ပြောင်းရွှေ့နေကြတယ်လို့ ရခိုင်နေ့စဉ် သတင်းက ဖော်ပြပါတယ်။

ဒေသဆိုင်ရာ အာဏာပိုင်တွေဘက်ကလည်း ကယ်ဆယ်ရေးတွေအတွက် ကြိုတင်ပြင်ဆင်နေပြီး မုန်တိုင်းကျရောက်နိုင်တဲ့ နေရာတွေမှာ နေထိုင်နေသူတွေကို ပြောင်းရွှေ့ဖို့ လိုက်လံနှိုးဆော်နေတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် ပင်လယ်အော်ထဲမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ် (Deep Depression) ဟာ လတ်တလော မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းတစ်လျှောက် ဧရာဝတီတိုင်းဘက်ကနေ ရွှေ့လျားနေတယ်လို့ မိုးဇလက ဆိုပါတယ်။

မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် ဒီမနက် ၁၁ နာရီလောက်ကစလို့ လပွတ္တာမြို့ပေါ်မှာ လေပြင်းတွေ တိုက်ခတ်နေပြီး မြစ်ရေတက်နေတယ်လို့ မြို့ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

မုန်တိုင်းဒဏ်ကြောင့် နေရာဒေသတော်တော်များများမှာ မိုးကြီးနိုင်ပြီး၊ မြစ်ငယ် ချောင်းငယ်တွေ ရေကြီးနိုင်သလို၊ ကုန်းမြင့်ဒေသတွေမှာလည်း မြေပြိုနိုင်တယ်လို့ မိုးဇလက သတိပေးထားပါတယ်။

ပင်လယ်ပြင်တလျှောက် ငါးဖမ်းစက်လှေတွေ သင်္ဘောတွေနဲ့ ပြည်တွင်းလေကြောင်းပျံသန်းရေးတွေအနေနဲ့လည်း ကြိုတင်သတိပြုဖို့ လိုတယ်လို့ ဆိုပါတယ်။