စစ်ကောင်စီပါမယ့်အစည်းအဝေး ဖျက်သိမ်းဖို့ ထိုင်းကို အရပ်ဘက်အဖွဲ့သုံးရာကျော် တောင်းဆို

RFA Burmese
2023.06.18
စစ်ကောင်စီပါမယ့်အစည်းအဝေး ဖျက်သိမ်းဖို့ ထိုင်းကို အရပ်ဘက်အဖွဲ့သုံးရာကျော် တောင်းဆို ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က ထိုင်းနိုင်ငံတွင် ကျင်းပသည့် မြန်မာ့အရေးအလွတ်ဆွေးနွေးပွဲ တက်ရောက်လာသူများအား တွေ့ရစဉ်။
Ministry of Foreign Affairs Thailand

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ပါဝင်မယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘော တွေ့ဆုံပွဲကိုဖျက်သိမ်းဖို့ အရပ်ဘက်အဖွဲ့အစည်း သုံးရာကျော်က ထိုင်းယာယီအစိုးရကို ဇွန်လ ၁၈ ရက် ဒီနေ့မှာ တောင်းဆိုလိုက်ပါတယ်။

အဲဒီတွေ့ဆုံပွဲကို ဇွန်လ ၁၈ ရက်ဒီနေ့မှာ စလုပ်ဖို့ ထိုင်းအိမ်စောင့်အစိုးရက စီစဉ်ထားတာဖြစ်ပြီး တွေ့ဆုံပွဲ ဖြစ်၊ မဖြစ်ကိုတော့ ထိုင်းဘက်က ထုတ်ပြန်တာမရှိသေးပါဘူး။

စစ်ကောင်စီဘက်ကလည်း ဒီနေ့ တွေ့ဆုံပွဲအခြေအနေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

အရပ်ဘက်အဖွဲ့အစည်းတွေကတော့ ထိုင်းအိမ်စောင့်အစိုးရရဲ့ လုပ်ရပ်ဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ မြန်မာပြည်သူတွေရဲ့ စိတ်ဆန္ဒကို မျက်ကွယ်ပြုနေတာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရ မဟုတ်တဲ့အပြင် နိုင်ငံရဲ့နယ်မြေတွေကိုလည်း ထိထိရောက်ရောက် ချုပ်ကိုင်နိုင်တာမရှိဘူးလို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ဇွန်လ ၁၈ ရက်နဲ့ ၁၉ ရက်နေ့မှာ ထိုင်းနိုင်ငံကို လာရောက်ပြီး အလွတ်သဘောဆွေးနွေးဖို့ အာဆီယံဝန်ကြီးတွေနဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကိုပါ ထိုင်းအစိုးရက ဖိတ်ကြားထားတဲ့အပေါ် စိတ်ပျက်မိကြောင်းနဲ့ အဲဒီဆွေးနွေးပွဲကို အချိန်မီဖျက်သိမ်းဖို့ ဇွန်လ ၁၇ ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ကတော့ မြန်မာပြည်ရဲ့အခြေအနေက တစ်စုံတစ်ရာ တိုးတက်မှုမရှိတဲ့အတွက် အခုအချိန်မှာ အာဆီယံထိပ်သီးအဆင့် အစည်းအဝေးဖြစ်စေ၊ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးဖြစ်စေ မြန်မာစစ်ကောင်စီပါဝင်ဖို့ အချိန်မတန်သေးဘူးလို့ ဇွန်လ ၁၆ ရက်က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီကို အလည်အပတ်ရောက်ချိန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။