ပြည်ပလုပ်ငန်း ၃ဝဝကျော် မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့တဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံထား

2022.03.10
ပြည်ပလုပ်ငန်း ၃ဝဝကျော် မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့တဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံထား ၂ဝ၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော တပ်မတော်နေ့အခမ်းအနားတွင် ပြသသည့် စစ်ရေးပြတင့်ကားများ။
Photo - Reuters

နိုင်ငံတကာ ငွေကြေးဈေးကွက်အတွင်းမှာ တာဝန်ယူမှုရှိရှိနဲ့ ရင်းနှီးမြှုပ်နှံနိုင်ကြောင်း အသိအမှတ်ပြုခံထားရတဲ့ ဘဏ္ဍာရေးကုမ္ပဏီအချို့ဟာ မြန်မာစစ်တပ်အတွက် လက်နက်နဲ့ နည်းပညာတွေ ရောင်းချပေးနေတဲ့ ကုမ္ပဏီတွေဆီမှာ အမေရိကန် ဒေါ်လာ ၁၃.၄ ဘီလျံ လောက်အထိ ရင်းနှီးမြှုပ်နှံထားတာတွေ့ရတယ်လို့ လေ့လာစောင့်ကြည့်ရေး အဖွဲ့ တစ်ခုဖြစ်တဲ့ Inclusive Development International (IDI) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

မတ်လ ၉ ရက်နေ့ နေ့စွဲနဲ့ထုတ်ပြန်တဲ့ အဲဒီအစီရင်ခံစာအရ ESG funds လို့ ခေါ်တဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၃၄၄ ခုလောက်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို အကြမ်းဖက်ဖြိုခွင်းနေပြီး၊ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီ ၃၃ ခုမှာ ရင်းနှီးမြှုပ်နှံထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ကမ္ဘာအရပ်ရပ်ကရှယ်ယာရှင်တွေ ငွေကြေးထည့်ဝင်ထားတဲ့ အဲဒီလုပ်ငန်းတွေဟာ ESG လို့ခေါ်တဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုရေး နဲ့ ကောင်းမွန်သော အစိုးရစနစ် ကျင့်သုံးတဲ့ ကုမ္ပဏီတွေမှာသာ ရင်းနှီးမြှုပ်နှံကြောင်း အာမခံချက် ပေးထားတာဖြစ်ပါတယ်။

IDI အဖွဲ့ရဲ့ အစီရင်ခံစာအရ မြန်မာစစ်တပ်နဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီ ၃၃ ခုထဲမှာ  အိန္ဒိယနိုင်ငံက Bharat Electronics ဟာ အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီး နောက်ပိုင်းမှာ မြန်မာစစ်တပ်အတွက် လက်နက်နဲ့ ရေဒါဆက်သွယ်ရေး စနစ်တွေ တပ်ဆင်ပေးနေကြောင်း၊ အစ္စရေး ကုမ္ပဏီ Elbit systems က မြန်မာစစ်တပ်ကို စစ်မြေပြင်သုံး ဒရုန်းယာဉ်တွေ ရောင်းချပေးနေကြောင်း၊ မလေးရှား ကုမ္ပဏီ Axiata Group ဟာ ဆိုရင်လည်း မြန်မာစစ်တပ်ရဲ့ မိုဘိုင်းဆက်သွယ်ရေး မျှော်စင်တွေကို တပ်ဆင်ပေးခဲ့ကြောင်း၊ အမေရိကန် နည်းပညာလုပ်ငန်း Cloudflare ကလည်း မြန်မာစစ်တပ်ရဲ့ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့ရဲ့ ဝက်ဆိုဒ်တွေကို လွှင့်တင်ထားပေးတဲ့အကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ Burma Campaign UK နဲ့ Justice for Myanmar တို့ရဲ့ လေ့လာစုံစမ်းတွေ့ရှိချက်တွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။