မောင်တောမြို့နယ် ကားမိုင်းကွဲမှုက ဒဏ်ရာပြင်းထန်သူ လေးဦး စစ်တွေဆေးရုံကိုပို့ဆောင်

မင်းသိန်းအောင်၊ နီမင်းထွန်း
2020-11-18
Share

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှာ နိုဝင်ဘာ ၁၇ ရက်နေ့က အရပ်သားကားတစ်စီး မိုင်းနင်းပြီးပေါက်ကွဲမှုမှာ ဒဏ်ရာပြင်းထန်တဲ့ ကလေး နှစ်ဦးအပါအဝင် လေးဦးကို စစ်တွေဆေးရုံကို ဒီနေ့ အရေးပေါ်ပို့ဆောင်လိုက်ရပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း သာယာကုန်းကျေးရွာ အလှူပွဲကနေ သူတို့နေထိုင်တဲ့ ခရေမြိုင်ကျေးရွာကိုပြန်လာတဲ့ အရပ်သား ကားတစ်စီးဟာ လိပ်ရလမ်းဆုံအနီး လမ်းမပေါ်မှာ မိုင်းပေါက်ကွဲလို့ ကားပေါ်ပါလာတဲ့ လူ ကိုးဦးအနက် သုံးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့ကြပါတယ်။

သေဆုံးသူတွေဟာ အသက် ၂၅ နှစ်အရွယ် ကိုကျော်ရဲအောင်၊ သူရဲ့ဇနီးဖြစ်သူ အသက် ၂၀ အရွယ် မအေးဆန်းနုနဲ့ အသက် ၃ နှစ်အရွယ် သားဖြစ်သူ မောင်ကျော်ဆန်းဦး တို့ဖြစ်ပါတယ်။

ဒဏ်ရာရသူ ခြောက်ဦးဟာလည်း မိသားစုဖြစ်ပြီး ကားနောက်ခန်းမှာ လိုက်ပါလာခဲ့ကြတာပါ။

အဲဒီအထဲက အသက် ၁၃ နှစ်နဲ့ ၃ နှစ်အရွယ် ကလေးနှစ်ဦးကတော့ ဒဏ်ရာမပြင်းထန်လို့ မောင်တောမြို့မှာ ကျန်ရစ်ခဲ့ကြပါတယ်။

ဒဏ်ရာပြင်းထန်တဲ့ အသက် ၄၀ အရွယ် ဦးစံလှထွန်း၊ ဇနီးဖြစ်သူ အသက် ၃၅ နှစ်အရွယ် ဒေါ်မစောယဉ်နဲ့ သမီးတွေ ဖြစ်တဲ့ အသက် ၁၀ နှစ်အရွယ် မခင်စောရီ၊ အသက် ၆ နှစ်အရွယ် မကြည်ကြည်သန်း  စုစုပေါင်း လေးဦးကို အငူမော်ဆိပ်ကမ်းကနေတစ်ဆင့် စစ်တွေဆေးရုံကြီးကို ဒီနေ့အရေးပေါ်ပို့ဆောင်လိုက်ရတာပါ။

မနေ့က အလှူကပြန်လာတဲ့ ကား သုံးစီးရှိပြီး အဲဒီအထဲကတစ်စီး ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဒဏ်ရာရသူ ဒေါ်မစောယဉ်ရဲ့ အစ်မဖြစ်သူ ဒေါ်မဝင်းသာကပြောပါတယ်။

“နောက်ကကားဟာ သူတို့စီးလာတဲ့ကားကို ကျော်သွားတယ်။ ကျော်သွားတာ နှစ်စီးရှိသွားပြီ။ သူတို့သွားတာနဲ့ “ဗုန်း”ဆိုပြီးတော့ အပင်တစ်ပင်လဲကျသလို ခံစားလိုက်ရတယ်တဲ့။ ကားကအဝေးကြီးကို လွှင့်သွားခဲ့ပါတယ်။ ကလေးသုံးယောက်က ကားထဲမှာကျန်ခဲ့တယ်။ အမေနဲ့ အဖေကတော့ ကားပွင့်ပြီးတော့ တစ်နေရာကို လွင့်သွားခဲ့ ပါတယ်။ သူသတိရလာတဲ့အခါ ကားဒရိုင်ဘာကို လှမ်းခေါ်တယ်။ ဦးကျော်ရဲအောင်၊ ဦးကျော်ရဲအော် ခေါ်ရင်လည်း မကြားတော့ဘူး။ ဟေ… ညီမလေး။ ညီမလေးခေါ်ရင်လည်း မကြားတော့ဘူး။”

ဒဏ်ရာရလူနာတွေရဲ့ဆွေမျိုးတစ်ဦးဖြစ်သူ ဦးမောင်မောင်ကြီးကတော့ မနေ့က သေဆုံးသွားတဲ့ မိသားစု သုံးဦးဟာ ကားရှေ့ခန်းမှာ လိုက်ပါလာခဲ့ကြတာလို့ ပြောပါတယ်။

“ကားဒရိုင်ဘာအခန်းထဲမှာ သုံးယောက်ဟာ တစ်မိသားစုတည်း။ အဲဒီသုံးယောက်က တခါတည်း သေသွားတယ်။ ကျန်ခြောက်ယောက်မှာ နှစ်ယောက်က ဒဏ်ရာနည်းနည်းပါးပါးရပြီးတော့ အိမ်မှာ သက်တောင့်သက်သာထားခဲ့တယ်။ အခု စစ်တွေဆေးရုံကိုရောက်တာက ကြီးကြီးကျယ်ကျယ်၊ ကျိုးပဲ့ အဲဒီလိုမျိုး လေးယောက်ရောက်တယ်။ သားမိ၊ သားဖ လေးယောက်။ ပေါက်ကွဲတယ်။ ကားတွေ ထိခိုက်ဒဏ်ရာရတယ်။ လူတွေ သေဆုံးတယ်။ အဲဒါပဲသိတယ်။ လက်တော့မခံဘူး ကျွန်တော်တို့အဲဒါကို။”

အင်္ဂါနေ့ကဖြစ်ရပ်နဲ့ပတ်သက်လို့ ARSA အကြမ်းဖက်အဖွဲ့က ထောင်ထားတဲ့ ကားမိုင်းကို နင်းမိပြီးတော့ ပေါက်ကွဲမှုခဲ့တာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲဝင်တွေက အဲဒီနေရာ အနီးတစ်ဝိုက်ကို နယ်မြေလုံခြုံရေးလုပ်ငန်းတွေ သွားရောက် ဆောင်ရွက်ပြီး ဒဏ်ရာရရှိသူတွေကို ကနဦး လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးခဲ့သလို မောင်တောမြို့နယ် ဆေးရုံကိုလည်း ဆက်လက် ပို့ဆောင်ပေးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီနေ့ စစ်တွေဆေးရုံကြီးကိုရောက်ရှိလာတဲ့ ဒဏ်ရာရလူနာတွေရဲ့မိသားစုဝင်တွေက မိုင်းပေါက်ကွဲတဲ့ နေရာအနီးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေစီးနင်းလာတဲ့ ကားကို ARSA အဖွဲ့က အရင်ကလည်း မိုင်းခွဲတိုက်ခိုက်တဲ့ ဖြစ်စဉ် သုံးကြိမ်ခန့်ရှိခဲ့ဖူးတယ်လို့ ပြောကြပါတယ်။

အများပြည်သူသွားလာနေတဲ့ လမ်းမှာ မိုင်းထောင်ဖောက်ခွဲတဲ့ကိစ္စကို ဘယ်အဖွဲ့ကပဲလုပ်လုပ် လက်မခံနိုင်ဘူးလို့ ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းကပြောပါတယ်။

“အဓိကကတော့ နှစ်ဘက်တိုက်ပွဲဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ်၊ အခုလိုမိုင်းထိပြီးတော့ အရပ်သားတွေ သေတာကတော့ ဒါကမဖြစ်သင့်ပါဘူး။ အများပြည်သူသွားလာတဲ့လမ်းမှာ မိုင်းဆိုတာ ထောင်လို့မရပါဘူး။ အခုလို အများပြည်သူတွေ သွားလာတဲ့လမ်းမှာ မိုင်းထောင်တယ်ဆိုတာကတော့ ဒါကမဖြစ်သင့်ဘူးလို့ ကျွန်တော်တို့ ထင်ပါတယ်။ ဘယ်အဖွဲ့စည်းပဲဖြစ်ဖြစ် ဒါကမလုပ်သင့်ပါဘူး။ ရှေ့မှာလည်း ဆက်ပြီးတော့ ဒီလိုမဖြစ်စေချင်ပါဘူး။”

RFA က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ မိုင်း၊ လက်နက်ကြီး၊ လက်နက်ငယ်တွေအပါအဝင် ပုံစံအမျိုးမျိုးနဲ့ သေဆုံးနေရတဲ့ အရပ်သားဟာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ မနေ့က နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ၃၀၈ ဦးရှိပြီး ဒဏ်ရာရသူတွေကတော့ ၇၀၁ ဦးအထိ ရှိနေပါတယ်။

အဲဒီအထဲက အင်္ဂါနေ့က ဖြစ်ရပ်အပါအဝင် အသက် ၁၈ နှစ်ကနေ လသားအရွယ်အထိ သေဆုံးတဲ့ ကလေးဦးရေ ၄၆ ဦးရှိပြီး ထိခိုက်ဒဏ်ရာရတဲ့ ကလေးက ၁၄၈ ဦးအထိ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။