လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့မှာ စတင်ကျင်းပမယ့် တတိယအကြိမ်၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ဖို့အတွက် NCA လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ကို ဆွေးနွေးပွဲ တက်ရောက်သူ တွေအဖြစ် ဖိတ်ကြားမယ်လို့ သိရပါတယ်။
ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း က မိုင်းလားအဖွဲ့ NDAA ကို ညီလာခံတက်ရောက်ဖို့ ဖိတ်ကြားစာပေးပို့လာတာဖြစ်ပြီး ကျန်တဲ့ အဖွဲ့တွေအားလုံးကိုလည်း ဖိတ်ကြားမယ်လို့ ပြောခဲ့ကြောင်း NDAA မိုင်းလားအဖွဲ့ ပြောခွင့်ရ ဦးကြည်မြင့် က ပြောပါတယ်။
"မနေ့က ဒေါက်တာ တင်မျိုးဝင်းက ကျနော်တို့ ဥက္ကဌဆီကို စာတစ်စောင်ရေးတယ်၊ သူတို့ကလည်း ဖိတ်တယ် အစည်းအဝေး လာတက်ပါလို့ ဖိတ်ပါတယ်၊ အဲဒါနဲ့ပဲ ကျနော်တို့ကလည်း သူတို့ကလည်း တခြားအဖွဲ့တွေလည်း ဖိတ်တယ်ဆိုတော့ အဲတော့ ဖိတ်ရင်တော့ နဂိုမူရှိတယ်လေ၊ ဖိတ်ရင်တော့သွားမှာပေါ့။ ကြားရတာတော့ ခုနှစ်ဖွဲ့လုံး ဖိတ်တယ် တူတယ်၊ သူတို့ကတော့ အားလုံးဖိတ်မယ်လို့ ပြောတယ်၊ ပြောပေမယ့် တရားဝင်ဖိတ်စာ တော့ မတွေ့သေးဘူး၊ အခုလောလောဆယ်တော့ သူတို့ ကိုယ်ပိုင်ရေးတဲ့ စာပဲတွေ့တယ် သူတို့ဖိတ်မယ်"
မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုပေါင်းထားတဲ့ FPNCC အဖွဲ့အနေနဲ့ မဟုတ်ဘဲ တစ်ဖွဲ့ချင်းစီ အလိုက်သာ ဖိတ်ကြားတဲ့ သဘောဖြစ်တယ်လို့ NDAA မိုင်းလားအဖွဲ့က ပြောပါတယ်။
ဒါ့အပြင် ညီလာခံ တက်ရောက်ဖို့ တရားဝင် ဖိတ်ကြားစာ ပေးပို့မယ်လို့လည်း ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ဆက်သွယ်ပြောကြားထားတယ်လို့ ဦးကြည်မြင့်က ပြောပါတယ်။
UWSA "ဝ" လားရှိုးရုံး ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက အစိုးရက ၂၁ ပင်လုံ တက်ရောက်ဖို့ FPNCC အဖွဲ့ဝင်တွေ အားလုံးကို ဖိတ်ကြားမယ်ဆိုရင် တက်ရောက်ဖို့ အရင်ကတည်းက ဆုံးဖြတ်ချက် ချထားတာရှိတယ်လို့ ပြောပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အဖွဲ့ဝင်တစ်ဦးက မြောက်ပိုင်းကအဖွဲ့တွေနဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP ကို ဆွေးနွေးပွဲတက်ရောက်သူတွေအဖြစ် ဖိတ်ကြားဖို့ရှိတယ်လို့ ပြောပါတယ်။
အဲဒီအဖွဲ့တွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အစုအဖွဲ့အလိုက် ပြုလုပ်မယ့် အစည်းအဝေးတွေမှာ ပါဝင်ဆွေးနွေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး စတဲ့ ကဏ္ဍအလိုက် ပြုလုပ်မယ့် ဆွေးနွေးပွဲတွေမှာတော့ NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေအနေနဲ့ ပါဝင်ဆွေးနွေးခွင့်ရမှာ မဟုတ်ပါဘူး။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ အစိုးရအဖဲ့ွ ကိုယ်စားလှယ်ဖြစ်တဲ့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကို ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။
ဒီညီလာခံမှာ နိုင်ငံရေး ၊ စီးပွားရေးစတဲ့ ကဏ္ဍအလိုက် ဆွေးနွေးပွဲတွေအပြင် အစိုးရ၊ လွှတ်တော်၊ တပ်မတေ်ာ၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အစုအဖွဲ့အလိုက် ဆွေးနွေးပွဲတွေလည်း ပြုလုပ်မှာ ဖြစ်ပါတယ်။
KNPP ဒုတိယဥက္ကဋ္ဌ ခူဦးရယ်က ဒီနေ့အထိ သူတို့အဖွဲ့ထံ ဖိတ်ကြားစာ မရောက်လာသေးကြောင်း၊ အဲဒီ ဖိတ်ကြားစာမှာ ပါဝင်တဲ့အကြောင်းအရာပေါ်မှာ မူတည်ပြီး တက်ရောက်ဖို့ ရှိ မရှိဆိုတာ ဆုံးဖြတ်ရမှာဖြစ်ကြောင်း ပြောပါတယ်။
ဇူလိုင်လ ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့ထိ ၆ ရက်ကြာ ကျင်းပမယ့် ညီလာခံမှာ လုံခြုံရေးကဏ္ဍနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆုံးဖြတ်ချက်ချဖို့ မရှိပေမယ့် နိုင်ငံရေး ၊ စီးပွားရေး၊ မြေယာနဲ့ သယံဇာတ စတဲ့ ကဏ္ဍတွေနဲ့ သက်ဆိုင်တဲ့ အချက်တွေကိုတော့ ဆွေးနွေးအတည်ပြုဖို့ ရှိပါတယ်။