ပန်ဆန်းမှာ မြောက်ပိုင်းလက်နက်ကိုင် မဟာမိတ်တွေ တွေ့ဆုံဆွေးနွေး

RFA Burmese
2023.03.15
ပန်ဆန်းမှာ မြောက်ပိုင်းလက်နက်ကိုင် မဟာမိတ်တွေ တွေ့ဆုံဆွေးနွေး (FPNCC)ဒုတိယအကြိမ် အစည်းအဝေးအား ၂၀၁၈ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့က ‘ဝ’ ပြည်နယ် ပန်ဆန်းမြို့တွင် ကျင်းပခဲ့စဉ်။
Nyi Rang

ရှမ်းပြည်နယ်၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့မှာ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးနေတယ်လို့ FPNCC အဖွဲ့ဝင် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က RFA ကို ပြောပါတယ်။

တွေ့ဆုံဆွေးနွေးပွဲကို မတ်လ ၁၄ ရက်မှာ စတင်ပြီး ဘယ်လောက်ကြာမယ်ဆိုတာ မသိရသေးဘူးလို့ ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောပါတယ်။

"မနေ့ကတော့ သူတို့ရုံးအဖွဲ့တွေ အစည်းအဝေးလုပ်တယ်လို့ပဲ ကျနော်လောလောဆယ် တော့ သိရတယ်ဗျ။ ဘယ်နှရက်လုပ်မယ်ဆိုတာတော့ မပြောသေးဘူးဗျ။ ပလောင်လည်း တက်တယ်၊ ကချင်လည်း တက်တယ်၊ မိုင်းလားလည်း တက်တယ်ဆိုတော့လေ။ အစည်းအဝေးပြီးမှပဲ သူတို့ (FPNCC) က ထုတ်ပြန်လိမ့်မယ်ထင်တာပဲ"

နောက်ထပ် FPNCC အဖွဲ့ဝင် KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက လည်း ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ သူ မပြောနိုင်သေးဘူးလို့ RFA ကို ပြောပါတယ်။

တရုတ်အစိုးရရဲ့ အာရှရေးရာဆိုင်ရာ အထူးသံတမန် Deng Xijun က FPNCC အဖွဲ့ဝင်တွေ ဖြစ်တဲ့ UWSA၊ KIA၊ NDAA တို့ရဲ့ ဌာနချုပ်တွေကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းက သွားရောက်တွေ့ဆုံမှု တွေ ရှိခဲ့ပါတယ်။

အဲ့ဒီနောက် မြောက်ပိုင်းမဟာမိတ်တွေအကြား အခုလိုတွေ့ဆုံမှု ဖြစ်ပေါ်လာတာပါ။

FPNCC ကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) မှာ ပါဝင် လက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်း ထားတာပါ။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA) ခေါ်  မိုင်းလား ၊ ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ခေါ် ကိုးကန့်၊ ရက္ခိုင့်တပ်တော် (AA) တို့ ပါဝင်ပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။