Free Burma Ranger အဖွဲ့ ယာဉ်မတော်တဆမှု တစ်ဦး သေဆုံး

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ အရှေ့ဘက်အခြမ်းက စစ်ဘေးဒုက္ခသည်တွေဆီကို ရိက္ခာသွားပို့တဲ့ ကရင်နီ Free Burma Ranger အဖွဲ့ကား အောက်တိုဘာလ ၁၁ ရက်နေ့က ချောက်ထဲပြုတ်ကျခဲ့တာကြောင့် တစ်ဦးသေဆုံးခဲ့တယ်လို့ Free Burma Ranger - Karenni အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒုက္ခသည်တွေကို ရိက္ခာပို့ပြီးအပြန် ညနေ ၃ နာရီမှာ ကား ချောက်ထဲပြုတ်ကျခဲ့တာဖြစ်ပြီး ကားပေါ်ပါလာသူ ရှစ်ဦးထဲက စစ်ဘေးရှောင်တွေကို လိုက်ပါကူညီသူ အသက် ၃၆ နှစ်အရွယ် ဦးစေရယ်သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ဦးစေးရယ်မှာ ဇနီးနဲ့ သားသမီးနှစ်ဦး ကျန်ခဲ့ပြီး အလောင်းကိုတော့ အောက်တိုဘာလ ၁၃ ရက် မနေ့ကပဲ သင်္ဂြိုဟ်လိုက်တယ်လို့ Free Burma Ranger - Karenni အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Free Burma Ranger – Karenni အဖွဲ့ဟာ ကယားပြည်နယ်မှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေကို ကူညီကယ်ဆယ်မှုတွေ လုပ်ပေးနေသလို စားနပ်ရိက္ခာနဲ့ နေထိုင်ရေး၊ ကျန်းမာရေး စတဲ့အကူအညီတွေပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။