နှစ်လအတွင်း လွတ်လပ်စွာပြောဆိုခွင့် ချိုးဖောက်ခံရသူ ၃၂ ဦးရှိကြောင်း အသံဖွဲ့ထုတ်ပြန်

၂ဝ၂၄ ခုနှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလနှစ်လအတွင်း လွတ်လပ်စွာပြောဆိုခွင့်ချိုးဖောက်ခံရပြီး စစ်ကောင်စီက ဖမ်းဆီးခံထားရသူ ၃၂ ဦး ရှိတယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားနေတဲ့ အသံအဖွဲ့က ဇန်နဝါရီလ ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ အမျိုးသား ၃၀ ဦးနဲ့ အမျိုးသမီး နှစ်ဦးတို့ပါဝင်ပြီး ဖမ်းဆီးခံထားရသူအများစုက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)နဲ့ အရေးယူခံထားရတယ်လို့ ဆိုပါတယ်။

အဲဒီ ဖမ်းဆီးခံရသူတွေထဲမှာ အရပ်သား၂၉ ဦး၊ ဘာသာရေးခေါင်းဆောင် တစ်ဦး၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနဲ့ အသက်မပြည့်သူတစ်ဦးတို့ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားမှုတွေကြောင့် ဧရာဝတီတိုင်းက ၂၁ ဦးနဲ့ အများဆုံးဖမ်းဆီးခံထားရပြီး ရန်ကုန်တိုင်းက သုံးဦး၊ မွန်ပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တွေက နှစ်ဦးစီနဲ့ တနင်္သာရီတိုင်းက တစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

စစ်ကောင်စီဟာ ပြည်သူတွေအွန်လိုင်းမှာ ရေးသားပြောဆိုဝေငှနေတာကို စောင့်ကြည့်အရေးယူမယ့် ကော်မတီတစ်ရပ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်မှာ ဖွဲ့စည်းထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီက လူမှုကွန်ရက်ဆိုရှယ်မီဒီယာတွေမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရေးသားသူတွေ၊ စစ်ကောင်စီရဲ့ လုပ်ရပ်တွေအပေါ် ဝေဖန်ရေးသားသူတွေကို ဖမ်းဆီးနေဆဲဖြစ်ပါတယ်။