ကန်ပိုက်တီနယ်စပ်ဂိတ် ပိတ်ပြီးနောက် မြစ်ကြီးနားမှာ စက်သုံးဆီ ပြတ်လပ်လာ
2024.11.22
ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ်က ကန်ပိုက်တီ မြို့သိမ်းတိုက်ပွဲတွေအပြီး မြစ်ကြီးနားမြို့မှာ စက်ဆုံးဆီတွေ ရှားပါးပြတ်လပ်တာတာကြောင့် အကန့်အသတ်နဲ့ပဲ ဝယ်ယူနေရတယ်လို့ မြစ်ကြီးနားမြို့ခံတွေက နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ပြောပါတယ်။
စက်သုံးဆီအရောင်းဆိုင်တချို့ နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းကတည်းကစလို့ ဆိုင်တွေပိတ်ထားတာ တွေ့ရတယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဒီဇယ်က ရှိတယ်။ ဓာတ်ဆီ မရှိတော့တာ။ တချို့ဆိုင်တွေ တော်တော် ပိတ်ထားတယ်။ တချို့ကတော့ ဖွင့်ထားတယ်။ မနေ့က ဆီဆိုင်တချို့ ညနေ ၃ နာရီလောက်ဆို အကုန်ပိတ်ပြီ။ တချို့ဆီဆိုင်တွေ ဆိုင်ကယ်ဆိုရင် လက်ယမ်းပြနေပြီ"
စက်တင်ဘာလ ၂၂ ရက်နေ့ မနက်မှာတော့ မြစ်ကြီးနားမြို့က စက်သုံးဆီ အရောင်းဆိုင်တွေမှာ ဆိုင်ကယ်တွေအတွက် စက်သုံးဆီကို အကန့်အသတ်နဲ့ပဲ ရောင်းချပေးတော့တယ်လို့ နောက်ထပ် မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောပါတယ်။
"တချို့ဆိုင်တွေကတော့ အကန့်အသတ်နဲ့ ရောင်းပေးတယ်။ ဆိုင်ကယ်တစ်စီးကို နှစ်သောင်းဖိုးလောက်ပဲ ထည့်ပေးတာ။ ပုံးတွေနဲ့ မရောင်းတော့ဘူး။ မနေ့ကတည်းက တချို့ဆိုင်တွေက မနက်ပိုင်းဖွင့်ပြီး ညနေပိုင်းပိတ်ထားတာ ဟုတ်တယ်"
လက်ရှိမှာ အောက်တိန်း-၉၂ ဓာတ်ဆီ တစ်လီတာကို ကျပ်တစ်သောင်းခန့် ပေါက်ဈေးရှိနေတယ်လို့ သူက ဆိုပါတယ်။
မန္တလေ-မြစ်ကြီးနားလမ်းပိုင်းမှာရှိတဲ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ တိုက်ပွဲတွေဖြစ်နေတာ အပါအဝင် လမ်းခရီး အခက်အခဲတွေကြောင့် စက်သုံးဆီကို တရုတ်နိုင်ငံဘက်က အဓိက တင်သွင်းနေတာပါ။ ဒါပေမဲ့ ကန်ပိုက်တီ တရုတ်နယ်စပ်ဂိတ်ပါ ပိတ်သွားတာကြောင့် စက်သုံးဆီတွေ ရှားပါးပြတ်လပ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ်က ကန်ပိုက်တီမြို့ကို နိုဝင်ဘာလ ၂၀ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူပြီးနောက် တရုတ်နယ်စပ်ဂိတ်ကို ပိတ်ထားလိုက်တာ ဖြစ်ပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
လက်ရှိမှာ ကချင်ပြည်နယ်ထဲက နယ်စပ်စခန်းအားလုံးကို KIA က သိမ်းပိုက်ထားပြီး တရုတ်ဘက်ကလည်း အဲဒီ နယ်စပ်ဂိတ်အားလုံးကို ပိတ်လိုက်တာကြောင့် ကချင်မှာရှိတဲ့ နယ်စပ်ကုန်သွယ်မှုအားလုံး ရပ်တန့်သွားပြီလို့ ဒေသခံတွေနဲ့ ကုန်သည်တွေက ပြောကြပါတယ်။