ဂန့်ဂေါက ဗုံးကြဲတိုက်ခိုက်မှု PDF နှစ်ဦး သေဆုံး၊ ဒေသခံ ခြောက်ဦး ဒဏ်ရာရ

RFA Burmese
2024.10.14
ဂန့်ဂေါက ဗုံးကြဲတိုက်ခိုက်မှု PDF နှစ်ဦး သေဆုံး၊ ဒေသခံ ခြောက်ဦး ဒဏ်ရာရ လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားသည့် လာပို့ကျေးရွာ အဆောက်အအုံအချို့အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်နေ့က တွေ့ရစဥ်။
Citizen Photo

မကွေးတိုင်း ဂန့်ဂေါမြို့နယ် ဘော်ပြင်းနဲ့ လာပို့ရွာတွေကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၄ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး အရပ်သားခြောက်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ညနေသုံးနာရီခန့်မှာ လာပို့ရွာကိုဗုံးကြဲချိန် သုံးဦးဒဏ်ရာရခဲ့တာဖြစ်ပြီး သုံးနာရီခွဲခန့်မှာ ဘော်ပြင်းရွာကို ဗုံးထပ်ကြဲခဲ့လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးပြီး ဒေသခံသုံးဦး ထပ်မံဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရွာထဲမှာ ရောက်နေတယ် ဆိုတဲ့သတင်းကြောင့် ဗုံးကြဲတိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲ ဖြစ်ပွားတာမရှိဘူး။ အဲဒီအနားဝန်းကျင်မှာ ပျူစောထီးတွေလည်း ရှိတာဆိုတော့ သတင်းပေးကြောင့်လို့ ထင်တယ်။ ရဲဘော်တွေ နေတဲ့အိမ်ကို လာကြဲသွားတာ။ လေယာဥ်နဲ့ တောက်လျှောက် စက်သေနတ်တွေနဲ့ ပစ်တယ်။ ရော့ကတ်တွေနဲ့လည်း ပစ်တယ်”

ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

အောက်တိုဘာ ၅ ရက်နေ့ကတော့ ဂန့်ဂေါခရိုင်ထဲက ဂန့်ဂေါ၊ ဆောနဲ့ ထီးလင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် တစ်ရက်တည်း အရပ်သား ဆယ်ဦး သေဆုံးပြီး ၂၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။