ပြည်သူ့စစ်အဖွဲ့တွေ KIO နဲ့ ပူးပေါင်းဖို့ ဗိုလ်ချုပ်ကြီး အင်ဘန်လ တိုက်တွန်း

RFA Burmese
2024.10.25
ပြည်သူ့စစ်အဖွဲ့တွေ KIO နဲ့ ပူးပေါင်းဖို့ ဗိုလ်ချုပ်ကြီး အင်ဘန်လ တိုက်တွန်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လမှ မိန့်ခွန်း ပြောကြားစဉ်။
Screenshot: ALEN YANG TV - YouTube

ကချင်ပြည်နယ်မှာရှိနေတဲ့ ပြည်သူ့စစ်အဖွဲ့တွေအနေနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ ပူးပေါင်းကြဖို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက အောက်တိုဘာလ ၂၅ ရက်နေ့ ကျရောက်တဲ့ KIO တည်ထောင်ခြင်း ၆၄ နှစ်ပြည့် မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။

မကြာခင်ကာလမှာ ပြည်သူ့စစ်အဖွဲ့တွေကို ရုပ်သိမ်းပြီး KIO နဲ့ လမ်းတစ်ခုတည်းမှာ အတူလျှောက်လမ်းဖို့အတွက် သတိပေးတယ်လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။

"မိဘပြည်သူတွေရဲ့ အကြံပြုချက်အရ KIO ဗဟိုကော်မတီအနေနဲ့ စစ်ကောင်စီရဲ့ အလုပ်တွေမှာ စိတ်ရောကိုယ်ပါ အလုပ်လုပ်ပေးနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေကို အကြမ်မဖက်တဲ့နည်းနဲ့ စည်းရုံးခဲ့ပြီ ဖြစ်ပါတယ်။ ပြည်သူ့စစ်တချို့က ရုပ်သိမ်းသွားကြတာရှိပေမဲ့ တချို့အဖွဲ့တွေက ဆက်ပြီး လုပ်ဆောင်နေတာကို တွေ့ရတယ်။ သိပ်မကြာမီကာလမှာ ပြည်သူ့စစ်အဖွဲ့တွေ ကိုယ့်အဖွဲ့ကိုယ် ရုပ်သိမ်းပြီး KIO နဲ့ လမ်းတစ်ခုတည်းမှာကို တူတူလျှောက်လမ်းကြဖို့ ထပ်မံသတိပေးလိုက်ပါတယ်"

လက်ရှိမှာတော့ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ကချင်အထူးဒေသ (၁) နယ်မြေက ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်စခန်းတွေ အပါအဝင် ချီဖွေ၊ ဆော့လော်၊ ပန်ဝါမြို့တွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က တိုက်ခိုက်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ ဦးလဆန်အောင်ဝါ ဦးဆောင်တဲ့ လဝါယာန် ဌာနေပြည်သူ့စစ်၊ ဦးဇခုန်းတိန့်ယိန်းရဲ့ ကချင်အထူးဒေသ(၁) က ပြည်သူ့စစ်၊ ဦးရွှေမင်းဦးဆောင်းတဲ့ လီဆူပြည်သူ့စစ်၊ ဦးမင်းဇင်သန့် ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့၊ ဦးတန်ဂူးတန် (အတန်) ဦးဆောင်တဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်၊ ရှမ်းနီပြည်သူ့စစ် စတဲ့ ပြည်သူ့စစ်အဖွဲ့တွေ ရှိပါတယ်။

အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ လက်တွဲပြီး စစ်အာဏာရှင် အမြစ်ပြတ်ရေးအတွက်လည်း ဆက်လက်လုပ်ဆောင်မယ်လို့လည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး KIO နဲ့ ပူးပေါင်းဆောင်ရွက်သွားမဲ့အကြောင်း KIO ထံ ဒီနေ့မှာ သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။