မြန်မာပြည်သူတွေအတွက် အကူအညီတွေဆက်ပေးမယ်လို့ ဂျာမနီသံရုံးထုတ်ပြန်
2023.04.21
ဂျာမနီနိုင်ငံဟာ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေ (MHF) အတွက် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ယူရို ၁၂ သန်းအထိ အများဆုံးထည့်ဝင်ပေးခဲ့ပြီး အခုနှစ်မှာလည်း မြန်မာပြည်သူတွေအတွက် ထောက်ပံ့မှုတွေကို ဆက်လက်ဆောင်ရွက် သွားမယ်လို့ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက ဧပြီလ ၂၁ ရက်နေ့ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်တွေ သိသိသာသာ မြင့်မားလာနေသလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်ချက်တွေမှာ ကြုံတွေ့နေရတဲ့အခက်အခဲတွေနဲ ့ပတ်သက်လို့ ဂျာမဏီသံရုံးတာဝန်ခံ York Schuegraf နဲ့ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA ရဲ့ ဒုတိယအကြီးအကဲ Ms Danielle Parry တို့ ဆွေးနွေးခဲ့ကြကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
UNOCHA ရဲ့ ဧပြီလ ၁၀ ရက်နေ့အထိ စာရင်းအရ မြန်မာနိုင်ငံတစ်ဝန်းမှာ ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသူဦးရေ ၁ ဒသမ ၈ သန်းကျော်ရှိနေပါတယ်။
အဲဒီထဲက လူဦးရေ ၁ ဒသမ ၅ သန်းနီးပါးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှု အပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး နေကြရသူတွေ ဖြစ်ပါတယ်။