နှစ်သောင်းကျပ်တန်ကြောင့် ရွှေနဲ့ နိုင်ငံခြားငွေဈေး အတက်မှာပဲရှိနေ

RFA Burmese
2023.07.25
နှစ်သောင်းကျပ်တန်ကြောင့် ရွှေနဲ့ နိုင်ငံခြားငွေဈေး အတက်မှာပဲရှိနေ ရန်ကုန်မြို့ရှိ ဇွဲထက် စိန်ရွှေရတနာဆိုင်အား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်ကောင်စီဟာ ကျပ်နှစ်သောင်းတန်ကို ဇူလိုင်လကုန်မှာ ထုတ်မယ်လို့ ဇူလိုင်လ ၂၃ ရက်နေ့က ကြေညာပြီးနောက် ရွှေနဲ့ နိုင်ငံခြားငွေဈေးနှုန်းတွေ တည်ငြိမ်မှု မရှိတော့ဘဲ မြင့်တက်နေတယ်လို့ အရောင်းအဝယ် လုပ်ကိုင်သူတွေက ပြောပါတယ်။

နှစ်သောင်းတန် သတင်းကြောင့် အမေရိကန် တစ်ဒေါ်လာဟာ မြန်မာငွေ ၃၁၀၀ ကျပ်ကနေ ၃၄၀၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး ဇူလိုင် ၂၅ ရက် ဒီနေ့မှာတော့ ၃၃၀၀ ကျပ်ဝန်းကျင်မှာ ရှိနေပါတယ်။

ထိုင်းဘတ်ဈေးနှုန်းဟာလည်း တစ်ဘတ်ကို ၉၀ ကျပ်ဝန်းကျင်ကနေ ၉၆ ကျပ်၊ တရုတ်ယွမ် တစ်ယွမ် ၄၃၀ ကျပ်ကနေ ၄၆၀ ကျပ်အထိ မြင့်တက်လာတာပါ။

ဇူလိုင်လ ၂၃ ရက်နေ့မှာ ၃၁ သိန်းဝန်းကျင်ရှိခဲ့တဲ့ ၁၅ ပဲရည် ရွှေတစ်ကျပ်သားဟာ ဇူလိုင်လ ၂၅ ရက် ဒီနေ့မှာတော့ ၃၅ သိန်းကျော် ပေါက်ဈေးရှိနေတယ်လို့ ရွှေဝယ်ယူခဲ့သူတစ်ဦးက RFA ကို ပြောပါတယ်။

"ဈေးက တစ်ကျပ်သား ဆွဲကြိုးတစ်ကုံးလုပ်ရင် ၃,၅၄၀,၀၀၀ ကျပ်ကျမယ်လို့ ပြောတယ်။ အရောင်းစာရေးမလေးက ဂဏန်းပေါင်းစက်နဲ့ တွက်ချက်ပြီးမှ ပြောတာပါ။ လက်တန်းပြောတာ မဟုတ်ဘူး။ စာရွက်ပေါ်မှာက ၁၅ ပဲရည်ကို ၂,၉၅၀,၀၀၀ ကျပ်ပဲ ရေးပေးထားတယ်။ တကယ်ပေးချေရတာက တစ်ဈေး"

ရွှေဈေးမတည်ငြိမ်မှုကြောင့် ဇူလိုင် ၂၄ ရက်မနေ့ကတော့ ရန်ကုန်မြို့က ရွှေဆိုင်တွေ ပိတ်ခဲ့ကြပြီး ဒီနေ့မှာတော့ ရွှေဆိုင်အချို့ ပြန်ဖွင့်ထားတာ တွေ့ခဲ့ရတယ်လို့ ရွှေဆိုင်တွေကို သွားရောက်စုံစမ်းခဲ့သူတစ်ဦးက ပြောပါတယ်။

"မနေ့ကဆို ရွှေဆိုင်တွေက ပိတ်ထားတယ်။ ဒီနေ့တော့ ဆိုင်တွေတော်တော်များများ ပြန်ဖွင့်နေတယ်။ ဖိအားတစ်ခုခုကြောင့်လား မသိဘူး။ တချို့ဆိုင်တွေဆို တံခါးစေ့ထားပြီး ပြန်အဝယ်ပဲ လက်ခံတော့တာ"

၁၆ ပဲရည် အခေါက်ရွှေတွေ၊ ရွှေတုံးတွေကိုတော့ ရွှေဆိုင်တွေမှာ မဝယ်ယူနိုင်တဲ့ အခြေအနေဖြစ်နေတယ်လို့ သူက ပြောပါတယ်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ဇူလိုင်လ ၂၅ ရက်နေ့အတွက် ၁၆ ပဲရည် ရွှေတစ်ကျပ်သားကို ၂၃ သိန်းကျော်သာ သတ်မှတ်ထားတာကြောင့် ပြင်ပဈေးကွက်နဲ့ ၁၀ သိန်းကျော် ကွာဟနေပါတယ်။

နှစ်သောင်းကျပ်တန် ထုတ်ဝေမယ့် သတင်းကြောင့် ရွှေဈေးမတည်မငြိမ်ဖြစ်စေမယ့် အရောင်းအဝယ်မျိုး မလုပ်ကြဖို့ကိုလည်း YGEA က ဇူလိုင်လ ၂၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံခြားငွေ လဲလှယ်နှုန်းလည်း မတည်မငြိမ်ဖြစ်နေတာကြောင့် နိုင်ငံခြားကနေ ကုန်ပစ္စည်းတွေ မှာယူတင်သွင်းနေတဲ့ လုပ်ငန်းတွေလည်း ခေတ္တရပ်နားထားတယ်လို့ ဒီတစ်ပတ်ထဲမှာပဲ ကြေညာထားကြပါတယ်။

အမေရိကန်ဒေါ်လာဈေးနှုန်းဟာ အာဏာမသိမ်းခင်က တစ်ဒေါ်လာကို ၁၃၀၀ ကျပ်ဝန်းကျင်သာရှိခဲ့ပြီး လက်ရှိတော့ ၃၄၀၀ ကျပ်အထိ ရောက်လာတာဖြစ်လို့ အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း မြန်မာငွေကျပ်တန်ဖိုး နှစ်ဆခွဲကျော် ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီကတော့ နှစ်သောင်းတန်ဟာ ဟောင်းနွမ်းငွေစက္ကူလဲလှယ်သူ တစ်ဦးကို အများဆုံး သုံးရွက်အထိသာ အကန့်အသတ်နဲ့ထုတ်ဝေမယ့် အထိမ်းအမှတ် ငွေစက္ကူဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။