ပြည်တွင်း ရွှေဈေး အနည်းငယ် ပြန်တက်လာ
2024.11.19
ပြည်တွင်း အခေါက်ရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း တစ်ကျပ်သားကို ၅၉ သိန်းခန့် ရှိပေမဲ့ နိုဝင်ဘာလ ၁၉ ရက် ဒီနေ့မှာ ၆၁ သိန်းအထိ ပြန်ရောက်လာတယ်လို့ ရွှေလုပ်ငန်း လုပ်ကိုင်နေသူတွေက RFA ကို ပြောပါတယ်။
ပြည်တွင်းမှာ အမေရိကန် ဒေါ်လာငွေလဲလှယ်နှုန်း တည်ငြိမ်နေပေမဲ့ ကမ္ဘာ့ရွှေဈေးနှုန်းတွေ ပြန်မြင့်လာတာကြောင့်လို့ ရွှေလုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးက ပြောပါတယ်။
“ကမ္ဘာ့ရွှေဈေးပေါ်မှာမူတည်ပြီး ပြည်တွင်းရွှေဈေးက အပြောင်းအလဲဖြစ်လာတာပါ။ ဒေါ်လာဈေးက ငြိမ်နေတော့ အရင်ကလောက်အထိတော့ မြင့်လာဖို့မရှိဘူး။ ကျပ်သိန်း ခြောက်ဆယ်ဝန်းကျင်လောက်မှာပဲရှိနေမယ်”
ရွှေဈေးကွက်ထဲမှာ အရောင်းအဝယ်ငြိမ်နေပြီး လက်ဝတ်ရတနာတွေလည်း အရောင်းတွေ လျော့ကျသွားတယ်လို့ သူက ပြောပါတယ်။
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ကတော့ အခေါက်ရွှေ တစ်ကျပ်သားကို ၅၂ သိန်းကျော် (၅၂,၈၀,၀၂၉) နဲ့ အရောင်းအဝယ်လုပ်ကြဖို့ နိုဝင်ဘာလ ၁၉ ရက် ဒီနေ့မနက်ပိုင်းမှာ သတ်မှတ်ရည်ညွှန်းဈေး ထုတ်ပြန်ပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ နိုဝင်ဘာလ ၁၄ ရက်နေ့က တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၅၆၆ အထိ ကျဆင်းသွားပြီး နိုဝင်ဘာလ ၁၉ ရက် ဒီနေ့မှာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၆၂၄ အထိ မြင့်တက်လာပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လက အမေရိကန် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ခြောက်ထောင်ကျော်အထိ မြင့်တက်ခဲ့သလို အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်းခုနစ်ဆယ်ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။