ARSA အဖွဲ့တိုက်ခိုက်မှုဆက်စပ်ဖြစ်ရပ်တွေကို စုံစမ်းဖို့ တပ်မတော် ခုံရုံးဖွဲ့စည်း
2019.03.18
ရခိုင်ပြည်နယ် ဘူးသီးတောင်- မောင်တောဒေသတွေမှာ ၂ဝ၁၇ ခုနှစ် သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ ARSA အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ဆက်စပ်ဖြစ်စဉ်တွေကို စိစစ်အတည်ပြုဖို့ တပ်မတော်က ခုံရုံး ဖွဲ့စည်းလိုက်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဒီဖြစ်စဉ်တွေပတ်သက်ပြီး တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာအပေါ် စစ်ဥပဒေချုပ်ရုံးရဲ့ လေ့လာသုံးသပ် အကြံပြုတင်ပြချက်၊ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ FFM ၊ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW နဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International စတဲ့အဖွဲ့တွေက စွပ်စွဲရေးသားဖော်ပြတဲ့ အစီရင်ခံစာတွေအပေါ် စစ်ဥပဒေချုပ်ရုံးရဲ့ လေ့လာသုံးသပ် အကြံပြု တင်ပြချက်တွေအရ… ဒီအစီရင်ခံစာအားလုံးကို စိစစ်အတည်ပြုဖို့ လိုအပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ဗိုလ်ချုပ် မြတ်ကျော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် အဖွဲ့ဝင် ၃ ဦးပါဝင်တဲ့ ရခိုင်ပြည်နယ် ဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းလိုက်ပြီး ဒီနေ့ မတ်လ ၁၈ ရက်နေ့မှာ စတင်စစ်ဆေး ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ARSA အဖွဲ့ဟာ နယ်ခြားစောင့်ရဲကင်းစခန်း ၃၀ ကျော်ကို တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အဲဒီနေ့ ၁ ရက်ထဲမှာပင် တပ်မတော်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ၃၈ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ လဝကဝန်ထမ်း ၁ ဦး စုစုပေါင်း နိုင်ငံ့ဝန်ထမ်း ၁၂ ဦး သေဆုံးခဲ့ကြောင်းလည်း တပ်မတော်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် ဒေသခံအရပ်သား ၁၃၀ ဦးကိုလည်း ARSA အဖွဲ့က သတ်ခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ကတော့ ARSA အဖွဲ့ဟာ ဟိန္ဒူကျေးရွာတွေကို တိုက်ခိုက်ပြီး ကလေး သူငယ်တွေ အပါအဝင် လူပေါင်း ၉၉ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် စာရင်းတွေကွာဟမှုရှိနေတဲ့အပြင် ရခိုင်ပြည်နယ်ဖြစ်စဉ် အတွင်း တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေကြောင်း နိုင်ငံတကာအဖွဲ့အစည်းတွေက ပြစ်တင်ပြော ဆိုတာတွေ ရှိနေတဲ့ကိစ္စဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဒီနေ့ညနေ ၆ နာရီကျော်အထိ ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။