ဂွမြို့နယ်က စစ်ဘေးဒုက္ခသည် တစ်သောင်းခွဲ ဆေးဝါးနဲ့ စားနပ်ရိက္ခာ လိုအပ်နေ
2024.11.05
ရခိုင်ပြည်နယ် ဂွမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေကြောင့် အရပ်သားတစ်သောင်းခွဲ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီလိုနေတယ်လို့ ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေအတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"ဂွမြို့နယ် စစ်ဘေးရှောင်က တစ်သောင်းခွဲလောက်ရှိပါတယ်၊ စစ်ရှောင်စခန်းနဲ့ စခန်းပြင်ပမှာ တိမ်းရှောင်နေကြရတာပေါ့၊ စစ်ဘေးရှောင်တွေ ခက်ခဲတာကတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးပေ့ါလေ၊ ဒါကတော့ အရေးတကြီးလိုအပ်နေတဲ့ဟာပေါ့၊ ကျွန်တော်တို့ လက်ရှိမှာဆိုရင် ဆေးဝါးတွေ စားနပ်ရိက္ခာတွေဆိုတာ ဂွမြို့နယ်ထဲ တိုက်ပွဲမဖြစ်ခင်ကတည်းက စစ်ကောင်စီကနေ သယ်ယူခွင့်၊ ရောင်းချခွင့် ဒီလိုဟာမျိုးတွေ ကန့်သတ်ထားတာ၊ အခုလက်ရှိ စစ်ရှောင်တွေမှာဆိုရင် ဆေးဝါးမလုံလောက်တာနဲ့ စားနပ်ရိက္ခာမလုံလောက်တဲ့ ပြဿနာတွေ အများကြီးရှိပါတယ်"
စစ်ကောင်စီတပ်နဲ့ AA တို့ တိုင်ကျိုးကျေးရွာနားက ဆားချက်ကြီး၊ ဆားချက်ကလေးနားမှာ တိုက်ပွဲတွေ ဖြစ်နေပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာကြောင့် စစ်ဘေးဒုက္ခသည်တွေလည်း အဆက်မပြတ်တိုးနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ AA တို့ အောက်တိုဘာ ၃ ရက်ကစပြီး ဂွမြို့နယ်မှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေက ပြောထားပါတယ်။
ဂွမြို့နယ်မှာ တိုက်ပွဲတွေ မဖြစ်ခင်ကလည်း ပိုက်ဆံတက်နိုင်တဲ့သူတွေဟာ ရန်ကုန်၊ ဧရာဝတီ စတဲ့ ပြည်မဘက်ကို ပြောင်းရွှေ့တာတွေရှိပြီး အဆင်မပြေတဲ့သူတွေကတော့ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေတွေကို တိမ်းရှောင်လာကြတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီက ကုန်ပစ္စည်းတင်သွင်းခွင့်မပေးဘူးဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
အာရက္ခတပ်တော် (AA) က ချင်းပြည်နယ် ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်က မြို့နယ် ကိုးမြို့နယ်နဲ့ တောင်ပြိုလက်ဝဲ၊ မအီ၊ ကမ်းထောင်းကြီးနဲ့ ကျိန္တလီ စတဲ့ မြို့နယ်ခွဲတွေကို သိမ်းပိုက်ထားပါတယ်။