ကြို့ပင်ကောက်မှာ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံတွေ ထွက်ပြေးနေရ

RFA Burmese
2024.10.26
ကြို့ပင်ကောက်မှာ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံတွေ ထွက်ပြေးနေရ ပဲခူးတိုင်း၊ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့က တွေ့ရစဥ်။
Facebook/YOMA GBK PDF

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ပြီး အရပ်သားတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို အောက်တိုဘာ ၂၆ ရက် ဒီနေ့မှာ ပြောပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့က ဇီးကုန်းမြို့နယ် ဒိုးနွယ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ကြိုးပင်ကောက်မြို့နယ်ဘက်က ရွာတွေကို စစ်ကြောင်းထိုးလာပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတာလို့ ဆိုပါတယ်။

အောက်တိုဘာ ၂၆ ရက် ဒီနေ့အထိ စစ်ကောင်စီတပ်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်စီးနင်းနေတာကြောင့် ကြို့ပင်ကောက်မြို့နယ်က သခွပ်ပင်၊ မှတ်တိုင်နဲ့ ရုံးချောင်းရွာ အပါအဝင် ရွာငါးရွာ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကြောင်းထိုးလို့ ထွက်ပြေးတာက ရွာပေါင်း ငါးရွာလောက်ပေါ့။ လူဦးရေကတော့ အတိအကျမသိနိုင်သေးဘူး။ ထောင်ချီမှာ။ အဓိကကတော့ စစ်ကြောင်းမထိုးတဲ့ ရွာဘက်ကို ပြေးကြတာ။ ဒေသခံတစ်ဦး သေတာရှိတယ်။ ဘယ်ရွာက၊ ဘယ်လို သေလဲဆိုတာ အတိအကျ မသိနိုင်သေးဘူး။ အကုန်လုံးက ရှောင်ကြတာဆိုတော့လေ”

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် သခွပ်ပင်၊ မှတ်တိုင်နဲ့ ရုံးချောင်းရွာက နေအိမ်တချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာတုန်းကလည်း ကြို့ပင်ကောက်မြို့နယ် ကွင်းချောင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။