ဟားခါးတိုက်ပွဲမှာ လေကြောင်းနဲ့ တိုက်ခိုက်ခံရ
2023.07.03
ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးနဲ့ ထန်တလန်ကြား ဟားခါးမြို့နဲ့ လေးမိုင်အကွာမှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ဇူလိုင်လ ၃ ရက်နေ့မှာ လေကြောင်းသုံး တိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။
ဇူလိုင်လ ၂ ရက်နေ့ ညပိုင်းကတည်းက တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒီနေ့ မနက် အစောပိုင်း မှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ချင်းအမျိုးသားတပ်ဦးရဲ့ CNF ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
"ထန်တလန်ကို စကစ က တပ်အင်အားဖြည့်ချင်လို့ လေကြောင်းအသုံးပြုပြီးတော့ ဗုံးကြဲတိုက်ခိုက်တယ်။ လက်နက်ကြီးနဲ့လည်း ဟားခါးကနေ ပစ်တယ်”
လေကြောင်းတိုက်ခိုက်မှုမှာ ထန်တလန်နဲ့ ဟားခါးအကြားမှာရှိတဲ့ သီတာနားနေစခန်းက အအောက်အအုံတချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမရှိသလို ချင်းပြည်နယ်ရဲ့ စစ်ကောင်စီ ပြောခွင့်ရ ဦးသန့်ဇင်ကို RFA က ဖုန်းဆက်သွယ် မေးမြန်း ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ဇွန်လ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့တွေမှာလည်း စစ်ကောင်စီက ထန်တလန်နဲ့ မင်းတပ်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ နေအိမ် လေးလုံးနဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းအရ အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၄၁ ဦး သေဆုံးခဲ့ပါတယ်။