တိုင်းနဲ့ ပြည်နယ် ၇ ခုမှာ မိုးကြီးနိုင်ကြောင်း မိုးဇလထုတ်ပြန်


2017.08.28
weather-storm-622.jpg မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သြဂုတ်လ ၂၈ ရက်နေ့ ထုတ်ပြန်ကြေညာချက်ကို တွေ့ရစဉ်
Photo: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းကြောင့် မြန်မာနိုင်ငံ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခု မှာ နောက် ၂ ရက်အတွင်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန် ပါတယ်။

မုန်တိုင်းတိမ်တွေကြောင့် မိုးကြီးနိုင်တာဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

"အဲဒီသက်ရောက်မှုထက်စာရင် တောင်တရုတ်ပင်လယ်ပြင်က ပြတ်ထွက်လာတဲ့ တိုင်ဖုန်းမုန်တိုင်း အကြွင်း အကျန်ပေါ့နော်၊ တိမ်တိုက်တွေရဲ့ သက်ရောက်မှုက ပိုပြီးတော့များနေတယ်ပေါ့နော်၊ များနေတဲ့အတွက်ကြောင့်မို့ လို့ ကျနော်တို့ ဒီရက်ပိုင်းထဲမှာ မိုးတွေကြီးတာ၊ မိုးတွေရွာတဲ့ အနေအထားလေးတွေ တွေ့ရတယ်။ ဒီမုတ်သုံလေ အား ကောင်းနေတဲ့အတွက်ကြောင့်မို့လို့ မြစ်ဝကျွန်းပေါ်နဲ့ မြန်မာနိုင်ငံ တောင်ပိုင်းတွေမှာတော့ မိုးဆက်ကောင်း မယ့် အနေအထားလေး တွေ့ရတယ်"

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်နဲ့ မွန် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက မုန်တိုင်းဖြစ်နိုင်တဲ့ အခြေအနေမရှိဘဲ ဒီနေ့ ညနေပိုင်းမှာ အိန္ဒိယနိုင်ငံ ကမ်းခြေဘက်ကို ဝင်ရောက် သွားနိုင်တယ်လို့ သိရပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာလည်း လှိုင်းကြီးနိုင်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။