ကျောက်ကြီးမှာ လက်နက်ကြီးမှန်ပြီး အရပ်သားသုံးဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ လိန်ပင်ဝဲရွာနဲ့ ဝါချဲရွာထဲကို ဇန်နဝါရီလ ၂၁ ရက်က လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) က ဇန်နဝါရီလ ၂၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

၁၂၀ မမ လက်နက်ကြီးကျည်သုံးလုံးဟာ လိန်ပင်ဝဲရွာထဲကို ဇန်နဝါရီလ ၂၁ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၅ နှစ်အရွယ် မောင်လုံးပုနဲ့ အသက် ၄၁ နှစ်အရွယ် ကိုကျော်ဝင်းလွင်တို့ ဒဏ်ရာရရှိခဲ့တာပါ။

အဲဒီနေ့မှာပဲ ည ရှစ်နာရီဝန်းကျင်မှာ နောက်ထပ် ၁၂၀ မမ လက်နက်ကြီးကျည်သုံးလုံးက ဝါချဲရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၂ နှစ်အရွယ် စောဖိုးလောရေ ဒဏ်ရာရရှိခဲ့ပါတယ်။

လက်နက်ကြီးကျည်တွေကို စစ်ကောင်စီရဲ့ ပိန်းဇလုပ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ- ၂၆၄ က ပစ်ခတ်ခဲ့တာဖြစ်ပြီး အရပ်သားတွေ နေထိုင်တဲ့ နေအိမ်တွေပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ KNU က ထုတ်ပြန်ပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို ပဲခူးတိုင်း စစ်ကောင်စီပြောခွင့်ရသူ ဦးတင်ဦးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ သုံးနှစ်အတွင်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁၂၅၄ ဦး သေဆုံးပြီး၊ ၂၃၂၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။