ဟင်္သာတမြို့ ဒေသခံခြောက်ဦးကို စစ်ကောင်စီတပ် အင်အားသုံးဖမ်းဆီး

RFA Burmese
2023.06.23
ဟင်္သာတမြို့ ဒေသခံခြောက်ဦးကို စစ်ကောင်စီတပ် အင်အားသုံးဖမ်းဆီး ဟင်္သာတမြို့တွင်းတစ်နေရာအား ၂၀၂၁ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှာ ဇွန်လ ၂၂ရက် မနေ့က စစ်ကောင်စီတပ်သားတွေက ရွာလေးရွာက အမျိုးသား ငါးဦး၊ အမျိုးသမီး တစ်ဦး စုစုပေါင်း ပြည်သူခြောက်ဦးကို အင်အားသုံးဖမ်းဆီး ခေါ်ဆောင်သွား တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အင်အား ၈၀ ကျော်ခန့်ပါတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဟင်္သာတမြို့ တောင်ဘက်ခြမ်းကို ဝင်ရောက် မွှေနှောက်ခဲ့ပြီး ကွမ်းခြံကုန်းရွာက ကိုဟိန်းထက်ဇော်၊ ကိုသက်နဲ့ ကိုင်းတောရွာက NLD ပါတီဝင် ဦးဇော်ကြီး၊ နတ်မှော်ရွာက CDM ကျောင်းဆရာမ ဒေါ်နွေနွေဦးနဲ့ သိမ်ကုန်းရွာက ကိုဖြိုးဦးနဲ့ အမည်စုံစမ်းနေဆဲ အမျိုးသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့တာလို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားတာလို့ ဟင်္သာတမြို့နယ်မှာ နေထိုင်တဲ့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"သူတို့အကုန်လုံးကို ဟင်္သာတမြို့မ ရဲစခန်းမှာ ချုပ်ထားတယ်လို့ သိထားပါတယ်။ တစ်အိမ်တက်ဆင်းကို လိုက်ဖမ်းတာ။ နာမည်ရယ်၊ ဓာတ်ပုံရယ်ပြပြီး နေရာအတိအကျကို လာဖမ်းသွားတာ။ ဖမ်းဆီးတုန်းက လည်း PDF ကို ထောက်ပံ့ရင် ဘယ်လိုဖြစ်မယ်ဆိုတာ ကြည့်ထားဆိုပြီး ပတ်ဝန်းကျင်မှာ အော်ပြောသွားတယ်တဲ့"

ဖမ်းဆီးခံထားရသူတွေဟာ သာမန်လက်လုပ်လက်စားတွေ ဖြစ်တာကြောင့် စစ်ဆေးမေးမြန်းပြီး အပြစ်မရှိရင် ပြန်လွှတ်စေချင်တယ်လို့ သူက ဆိုပါတယ်။

ဒီဖမ်းဆီးမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သီးခြားသတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဇွန်လ ၂၃ ရက် ဒီကနေ့ မနက်ပိုင်းမှာတော့ ဟင်္သာတမြို့ရဲ့ ရေကြောင်းနဲ့ ကုန်းကြောင်း အဝင်အထွက် ဂိတ်တွေနဲ့ မြို့ပေါ် လမ်းမတွေမှာ စစ်ကောင်စီ တပ်သားတချို့က ပိတ်ဆို့ပြီး စုံစမ်းစစ်ဆေးတာတွေ တင်းတင်းကျပ်ကျပ် လုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော် ကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်ချက်ကြောင့် နိုင်ငံတစ်ဝန်းက ပြည်သူ ၂၃,၄၁၀ ဦး ဖမ်းဆီးခံထားရကာ ၆,၄၇၄ ဦး ထောင်ဒဏ် ချမှတ်ခံထားရတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇွန်လ ၂၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။