စစ်တပ်က လှိုင်သာယာကျူးကျော်တွေကို တစ်ပတ်အတွင်း ဖယ်ရှားခိုင်း

2021.10.20
Share on WhatsApp
Share on WhatsApp
စစ်တပ်က လှိုင်သာယာကျူးကျော်တွေကို တစ်ပတ်အတွင်း ဖယ်ရှားခိုင်း ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်က ကျူးကျော်တဲကို တွေ့ရစဥ်
Photo: RFA
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့ ဘုရင့်နောင်တံတားအဆင်းကနေ ရန်ကုန်-ပုသိမ်လမ်းမကြီးဘေးက ကျူးကျော် နေအိမ်တွေကို စစ်တပ်က တစ်ပတ်အတွင်း ဖယ်ရှားခိုင်းထားတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ ကျုးကျော်ရပ်ကွက်မှာ နေထိုင်သူတွေက ပြောပါတယ်။
 
တစ်ပတ်အတွင်း မဖြစ်မနေဖယ်ရှားဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေတဆင့် အောက်တိုဘာလ ၁၅ ရက်နေ့ကတည်းက အကြောင်းလာသလို ညနေတိုင်းလည်း စစ်ကားတွေနဲ့ သေနတ်တွေကိုင်ပြီး လိုက်လံ ကြေညာနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျုးကျော်မှာနေသူတစ်ဦးက RFA ကို ပြောပါတယ်။
 
အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် အလုပ်တွေ ရပ်နားထားရတာကြောင့် စားဝတ်နေရေးခက်ခဲနေသလို အချို့မိသားစုတွေဟာ ဘုန်းကြီးကျောင်းတွေမှာ တန်းစီအလှူခံပြီးစားနေရတဲ့အချိန်ဖြစ်လို့ ဒီကာလ ပြောင်းခိုင်းတာ အဆင်မပြေဘူးလို့ ဆိုပါတယ်။
 
အခြားနေရာတွေမှာ ပြန်လည်ငှားရမ်းနေထိုင်ဖို့ကလည်း ကျူးကျော်မှာနေထိုင်သူတွေဟာ ဖောက်ခွဲရေး လုပ်ငန်းတွေနဲ့ ပတ်သက်နေတာကြောင့် မငှားဖို့ဆိုပြီး စစ်တပ်ဘက်က ဖိအားပေးထားတာတွေရှိလို့ အတော်လေးအခက်ကြုံနေရတယ်လို့ ကျူးကျော်မှာ နေထိုင်သူတွေက ပြောပါတယ်။
 
လှိုင်သာယာမြို့နယ်ထဲက ရန်ကုန် - ပုသိမ်လမ်းမကြီးတလျှောက်မှာ စစ်ကောင်စီက အမြန်ရထားလမ်းနဲ့ မြို့တော်စည်ပင်သာယာရေးအတွက် လုပ်ဆောင်မှာဖြစ်လို့ အမြန်ဆုံးဖယ်ရှားခိုင်းတာလို့ သိရကြောင်းနဲ့ အချို့အိမ်တွေလည်း ကြောက်တာကြောင့် ဖျက်နေကြတယ်လို့ ဆိုပါတယ်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက် ၂၀၁၆ ခုနှစ်ကတည်းက ရန်ကုန်တိုင်းထဲမှာရှိတဲ့ သိန်းနဲ့ချီတဲ့ ကျူးကျော်ပြဿနာကိုဖြေရှင်းဖို့ မြေဧက ၂၀၀၀ ပေါ်မှာ စီမံကိန်းတွေ အကောင်အထည်ဖော်မယ် ဆိုပြီး စာရင်းတွေကောက်ယူတာ ကျူးကျော်နေထိုင်တာမှန်ကန်ကြောင်း အသိအမှတ်ပြုကတ်တွေ ထုတ်ပေး တာတွေ လုပ်ခဲ့ပေမယ့် ပြဿနာကိုဖြေရှင်းနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။