ဒီပဲယင်းမှာ နှစ်လအတွင်း နေအိမ် ၃၅၀၀ ကျော်နဲ့ ဘုန်းကြီးကျောင်း ငါးကျောင်း မီးရှို့ခံရ

ဒီပဲယင်းမြို့နယ်မှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလနဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအထိ နှစ်လအတွင်း နေအိမ်ပေါင်း ၃၅၁၄ လုံးနဲ့ ဘုန်းကြီးကျောင်း ငါးကျောင်း အပါအဝင် ဈေးဆိုင်ခန်း ၂၄ ခန်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒီပဲယင်းညီနောင်များအဖွဲ့က ပြောပါတယ်။

အားလုံးဟာ ရွာပေါင်း ၃၇ ရွာနဲ့ စိုင်ပြင်မြို့ ရပ်ကွက်နှစ်ခုကဖြစ်တယ်လို့ ဒီပဲယင်း ညီနောင်များအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက RFA ကို ပြောပါတယ်။

“ဆန်စက်တွေ မီးရှို့လိုက်တော့ ဆန်ဈေးတွေ တက်သွားတယ်။ ဝယ်ရတာ အခက်အခဲရှိလာတယ်။ အဲတော့ ကူညီရေးတွေလည်း နားထားရတယ်။ ဒေသခံတွေက ပိုဆိုးတာက ဒီဇင်ဘာလနဲ့ ဇန်နဝါရီလမှာ ကောက်ပဲသီးနှံတွေပါ မီးရှို့ခံရတယ်။ တချို့ဆန်စက်တွေမှာဆို တင်းရာနဲ့ချီပြီး အရှို့ခံရတော့ စားရေးသောက်ရေး တော်တော်ခက်လာတယ်။ နေစရာကလည်း ယာယီတဲတွေဆောက်နိုင်ဖို့ကို မလွယ်တဲ့အခြေအနေဖြစ်နေရတယ်”

မီးရှို့ခံခံရတဲ့ ဘုန်းကြီးကျောင်းတွေကတော့ ညောင်လှရွာက ကံဦးဘုန်းကြီးကျောင်း၊ ယဉ်ကျေးရွာက ယဉ်ကျေး တောကျောင်း၊ မူးရိုးကုန်းရွာက ရန်ကွင်းကြီးကျောင်း၊ ညောင်ကြီးကုန်းရွာက ညောင်ကြီးကုန်းကျောင်းနဲ့ ကံပြားရွာက ဘုန်းကြီးကျောင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ရွာ ၃၂ ရွာက နေအိမ် ၁၃၀၈ လုံး မီးရှို့ခံခဲ့ရတာကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း ဒီပဲယင်းမှာ စုစုပေါင်း နေအိမ် ၄၈၂၄ လုံး၊ ဆိုင်ခန်း ၂၅ ခန်းနဲ့ ဘုန်းကြီးကျောင်း ငါးကျောင်းရှိပြီလို့ ဒီပဲယင်းညီနောင်များအဖွဲ့က ပြောပါတယ်။

မီးရှို့ခံရမှုတွေကို စာရင်းပြုစုနေတဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ Data For Myanmar ရဲ့ စာရင်းအရ အာဏာသိမ်း နှစ်နှစ်နီးပါးအတွင်း တစ်နိုင်ငံလုံးမှာ မီးရှို့ခံရတဲ့ နေအိမ် ငါးသောင်းနီးပါး (၄၈၄၆၃) အထိရှိလာပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက သုံးသောင်းခွဲကျော် (၃၆၆၆၇) နဲ့ အများဆုံးဖြစ်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်းအရ အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းက ဒေသခံခြောက်သိန်းခွဲကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။