မိုးသည်းထန်ပြီး ရေလျှံတာကြောင့် ဟိုပုံးက ဒေသခံတချို့ ထပ်မံရွှေ့ပြောင်းရ
2024.10.24
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နဲ့ အနီးတစ်၀ိုက်မှာ အောက်တိုဘာလ ၁၉ ရက်နေ့ကနေ ၂၃ ရက် မနေ့ကအထိ မိုးရက်ဆက်ရွာပြီး အနိမ့်ပိုင်းတွေမှာ ရေဝင်တာကြောင့် ဒေသခံတချို့ ရေလွတ်ရာကို ထပ်မံရွှေ့ပြောင်းကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလအတွင်းကလည်း ဟိုပုံးဒေသမှာ ရေကြီးမြေပြိုမှုကို ဆိုးဆိုးရွားရွား ကြုံခဲ့ရပြီး အခုတစ်ကြိမ်မှာလည်း မိုးရက်ဆက်ရွာတာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်ပြီး တိမ်းရှောင်ကြတာလို့ ဟိုပုံးမြို့မှာ နေထိုင်တဲ့ ပရဟိတအဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။
"လူတွေက စစ်ဘေးနဲ့ ရေဘေးကို တော်တော်ကို ကြောက်လန့်နေကြတာပါ။ မိုးတွေအရမ်းရွာလာပြီဆိုရင် တောင်ပြိုတော့မှာလား၊ လမ်းပျက်တော့မှာလား၊ ရေမြုပ်တော့မှာလားဆိုပြီး ကြောက်လန့်နေကြတာလေ။ ပြီးခဲ့တဲ့ရက်တွေက မိုးငါးရက်ဆက်တိုက်ရွာခဲ့တော့ မြေနိမ့်ပိုင်းနဲ့ တောင်ခြေမှာနေကြတဲ့သူတွေက ရေဘေးလွတ်နိုင်တဲ့ ဟိုပုံးမြို့ပေါ်ရယ်၊ တောင်အမြင့်တွေပေါ်ရယ် ရွှေ့ခဲ့ကြတာရှိပါတယ်”
လူဦးရေ ဘယ်လောက်ပြောင်းရွှေ့ကြတယ်ဆိုတဲ့ အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။ ပြည်တွင်းက သတင်းဌာနတွေမှာတော့ ဟိုပုံးမြို့နဲ့ အနီးတစ်၀ိုက်က အိမ်ထောင်စု သုံးရာခန့် ရွှေ့ပြောင်းနေရတယ်လို့ ဖော်ပြပါတယ်။
ဟိုပုံးမြို့နယ်ထဲ မဲနယ်တောင်ဒေသမှာလည်း ရွာခြောက်ရွာက အိမ်ထောင်စု တစ်ထောင်ကျော်ဟာ စက်တင်ဘာလမှာ ကြုံခဲ့ရတဲ့ ရေဘေးကြောင့် တောင်ပြို၊ လမ်းပျက်၊ ရွာပျက်တာနဲ့ စိုက်ပျိုးမြေတွေ ပျက်စီးဆုံးရှုံးတာတွေ ကြုံခဲ့ရပါတယ်။
သဘော၀ဘေးကို ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရတာကြောင့် ဒီအနေ့အထိ ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေးဘဲ အကူအညီတွေ လုပ်နေတယ်လို့ ဟိုပုံးဒေသခံ တစ်ဦးက ပြောပါတယ်။
“မဲနယ်တောင်ဒေသက အဲဒီရွာတွေကတော့ အခုထိ အကူအညီတွေက လိုအပ်နေတုန်းပဲ၊ လုဲင်းကန်ရွာဆိုရင် တစ်ရွာလုံး တောင်ပြိုလို့ကျလာတဲ့ သဲမြေတွေအောက် လုံးလုံးရောက်သွားတာ၊ တစ်အိမ်မှ ပြန်မရဘူး။ အခုချိန်အထိလည်း အဲဒီရွာကို ပြန်မဖော်နိုင်သေးဘူး။ လူတွေကတော့ ရွာနဲ့နီးစပ်တဲ့ ဘုန်းကြီးကျောင်းတွေမှာ သွားနေရတာ၊ မိုးကုန်မှ အဲဒီသဲမြေတွေ မြုပ်သွားတဲ့ရွာတွေကို ပြန်ဖော်လို့ရမှာ၊ တခြားရွာတွေလည်း ပျက်စီးကြတယ်၊ စိုက်ပျိုးရေးခြံထဲ သဲတွေချည်းပဲ။ အဲဒီသဲတွေပြန်မဖော်ဘဲနဲ့ ဘာစိုက်ပျိုးရေးမှ ပြန်လုပ်လို့ မရတော့ဘူး။ ဒါကြောင့်သူတို့ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူညီတွေ လိုအပ်နေကြတာပါ”
ဟိုပုံးမြို့ကနေ စံဖူးရွာအထိသွားလို့ရတဲ့ လမ်းတွေပျက်စီးနေတာကြောင့်လည်း အခုအချိန်အထိ သွားရေးလာရေးက ခက်ခဲနေတုန်းပဲလို့ သူက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူ။
ဟိုပုံးမြို့နယ်မှာ စက်တင်ဘာလက ရေကြီးရေလျှံမှုတွေကြောင့် မဲနယ်တောင်ဒေသမှာ သေဆုံးသူ ၂၄ ဦး၊ ဟိုပုံးမြို့မှာ သေဆုံးသူ နှစ်ဦး စုစုပေါင်း ၂၆ ဦးသေဆုံးခဲ့တယ်လို့ ဟိုပုံးအခြေစိုက် ပရဟိတအဖွဲ့တွေက ပြောပါတယ်။