တရုတ်အထည်ချုပ်စက်ရုံ အလုပ်သမားခေါင်းဆောင်ငါးဦး ဖမ်းဆီးခံရ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်က တရုတ်နိုင်ငံသားပိုင် Hosheng Myanmar အထည်ချုပ်စက်ရုံရဲ့ အလုပ်သမားခေါင်းဆောင် ငါးဦး ဇွန်လ ၁၆ ရက်နေ့က ဖမ်းဆီးခံရပြီး ဒီနေ့ နေ့လယ်အထိ အဆက်အသွယ်မရသေးဘူးလို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အလုပ်သမားခေါင်းဆောင်တွေဖြစ်တဲ့ မအေးသန္တာဌေး၊ မသန္တာအေး၊ မမေသူမင်း၊ ကိုအောင်အောင်နဲ့ ကိုရဲနိုင်တို့ ဖမ်းဆီးခံရပြီး နောက်ထပ် အလုပ်သမားခေါင်းဆောင် ကိုရဲသွေးလှိုင်ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

Hosheng Myanmar အထည်ချုပ်စက်ရုံက အလုပ်သမားခေါင်းဆောင် ခုနစ်ဦးကို စက်ရုံဆူပူအောင် သွေးထိုးလှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇွန်လ ၁၀ ရက်နေ့မှာ စက်ရုံဘက်က အလုပ်ထုတ်ခဲ့တာပါ။

အဲဒီအထဲက မသူသူစံကတော့ မေလ ၁၄ ရက်နေ့ကတည်းက ဖမ်းဆီးခံခဲ့ရပြီး ဒီနေ့အထိ အဆက်အသွယ်မရသေးဘူးလို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားခေါင်းဆောင်တွေကို မနေ့က ညနေပိုင်းနဲ့ ညပိုင်းအချိန်တွေမှာ ရဲတွေလာခေါ် သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စက်ရုံအလုပ်သမားတစ်ဦးက RFA ကိုပြောပါတယ်။

"မိန်းကလေးတွေကိုကျတော့ ညနေပိုင်းမှာလာခေါ်သွားတာ။ ယောကျာ်းလေး နှစ်ယောက်က ည ၁၁ နာရီလောက်မှာ လာခေါ်တာ။ ခုချိန်ထိတော့ အားလုံးနဲ့ အဆက်အသွယ်မရသေးပါဘူး"

မနေ့ညကဖမ်းဆီးခံရတဲ့ အလုပ်သမားခေါင်းဆောင် ငါးဦးကိုတော့ ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

အဲဒီအလုပ်သမားခေါင်းဆောင်ခုနစ်ဦးကို စက်ရုံက အလုပ်ထုတ်ခဲ့ပြီးနောက် ဇွန်လ ၁၃ ရက်က စက်ရုံတွင်းအလုပ်သမားတချို့ လုပ်ငန်းခွင်မဝင်ဘဲ သပိတ်မှောက်ခဲ့ကြတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်နဲ့ ၁၅ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် Sun Apparel (Myanmar) အထည်ချုပ်စက်ရုံမှာ လုပ်အားခတိုးပေးဖို့အပြင် အလုပ်သမား အခွင့်အရေးတွေ ဦးဆောင်တောင်းဆိုတဲ့ အလုပ်သမားခေါင်းဆောင်နှစ်ဦး ရက်ခြားပြီး ဖမ်းဆီးခံလိုက်ရတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုရဲ့ ၂၀၂၃ ခုနှစ်၊ ဧပြီ ၅ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်အတွင်း အဖမ်းခံထားရတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူ သုံးရာကျော်ရှိနေပါတယ်။