လုံးခင်းကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ ဇွန် ၉ ရက်နေ့က သေနတ်ပစ်ခံရပြီး သေဆုံးသွားပါတယ်။

နေ့လည် ၂ နာရီမထိုးခင်က လုံးခင်းသုဿန်အနီးမှာ အသတ်ခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လုံးခင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

" ကျွန်တော်နေ့လယ်ပိုင်း အပြင်ကပြန်လာတော့ လုံးခင်းကျေးရွာအုပ်ချုပ်ရေးမှူး လုံးခင်းသုဿန်နားမှာ သေနတ်ပစ်ခံရပြီး သေသွားတယ်လို့သိရတာပဲ၊ အဲဒီရုပ်အလောင်းကိုတော့ သင်္ဂဟ လူမှုကူညီရေးအသင်းက သွားကောက်တယ်လို့ကြားတယ်"

ပစ်သတ်ခံရတဲ့ ဦးကျော်ဆွေဟာ လုံးခင်းကျေးရွာက သူ့နေအိမ်မှာရှိနေချိန် အမျိုးသား နှစ်ဦးက ဆိုင်ကယ်နဲ့ရောက်လာပြီး ခေါ်ဆောင်သွားပြီးနောက် မကြာခင်မှာပဲ ပစ်သတ်ခံလိုက်ရတာလို့လည်း ပြောကြပါတယ်။

ဦးကျော်ဆွေဟာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA အဖွဲ့ ဖားကန့်ရတနာနယ်မြေ သယံဇာတ အရာရှိ ဦးနော်ဒင်းရဲ့ ယောက်ဖလို့လည်း ဖားကန့်ဒေသခံတစ်ယောက်က ပြောပါတယ်။

ဦးကျော်ဆွေ သတ်ခံရတာနဲ့ ပတ်သက်ပြီး KIA အဖွဲ့တာဝန်ရှိသူတွေနဲ့ ကချင်ပြည်နယ် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကို RFA က ဖုန်းနဲ့မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဖားကန့်မြို့နယ်မှာ ဒီလပိုင်းတွေအတွင်း လုပ်ကြံသတ်ဖြတ်မှုတွေ မကြာခဏဆိုသလို ဖြစ်နေပြီး ဒေသခံတွေ လုံခြုံရေးကို စိုးရိမ်နေကြပါတယ်။