ဖားကန့်မှာ အရပ်သား ၂၀ ကျော် ဖမ်းဆီးခံရ
2023.05.17

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်ယားရွာနဲ့ ခင်တောင်ရွာက အရပ်သား ၂၀ ကျော်ကို စစ်ကောင်စီတပ်က မေလ ၁၇ ရက်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၂၀၀ နီးပါးရှိတဲ့ စစ်ကြောင်းဟာ အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုဖို့ ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်နိုင်တယ်လို့ နန့်ယားဒေသခံတစ်ဦးက ပြောပါတယ်။
“အများပိုင်းက ခင်တောင်ဘက်က ပိုများတယ်။ နန့်ယားကလည်းပါတယ်။ အားလုံးဆိုရင်တော့ ၂၀ ကျော်တယ်။ စကစတွေက အောက်ကိုဆင်းလာတယ်။သူတို့လည်း တိုက်ခိုက်ရမှာကြောက်လို့ အခုလို လူသားဒိုင်းအဖြစ်နဲ့ ဖမ်းခေါ်သွားတာ”
ဖမ်းဆီးခံရသူအများစုဟာ အမျိုးသမီးတွေဖြစ်တယ်လို့ သူက ပြောပါတယ်။
ဖားကန့်ကနေ မိုးညှင်းဘက်ကို သွားမယ့်စစ်ကြောင်းဟာ နန့်ယားနဲ့ ခင်တောင်ရွာ အရောက်မှာ နေအိမ်တွေထဲအထိဝင်ပြီး အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
အခုစစ်ကြောင်းနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ မေလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေတုန်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အထိနာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းက ရွာတွေဘက်ကို ဆင်းလာတဲ့အတွက် ဆိုင်းဖရာ၊ ကပ်မှော်စွပ်ရွာ က ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်ကြတယ်လို့ ဆိုင်းဖရာ ဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်ကြောင်းဆင်းလာလို့ ကျွန်တော်တို့ ထွက်ပြေးလာတယ်။ အခုတော့ စစ်ကြောင်းက ကျော်သွားပြီ။ ဒါပေမဲ့ တိုက်ပွဲမှာ အထိနာထားတော့ လက်နက်ကြီးတွေ ပစ်မှာကို ကြောက်လို့ ရွာက ပြည်သူတွေက အခုလည်း ကားမိုင်းဘက်၊ မြစ်ကြီးနားဘက်တွေ ထွက်ပြေးတိမ်းရှောင်နေကြတယ်”
၂၀၂၃ ခုနှစ် ဧပြီ ၁၈ ရက်ကလည်း ဆိုင်းဖရာရွာက ဒေသခံ ၈၀ ကျော်ကို စစ်ကောင်စီတပ် က ကားနဲ့ဖမ်းခေါ်သွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ကချင်လူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေးအဖွဲ့ (KHRW) ရဲ့ မေလ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ ဖားကန့်မြို့နယ်မှာ ၂၀၂၃ ဧပြီလအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီး ခဲ့သူ ၃၇၃ ယောက်ထိ ရှိတယ်လို့ သိရပါတယ်။