ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မှော်စီစာရွာအဝင် ကားလမ်းမပေါ်မှာ သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ အမျိုးသား အလောင်းနှစ်လောင်းကို မေလ ၆ ရက် ဒီနေ့ မနက်အစောပိုင်းမှာ တွေ့ခဲ့ရတယ်လို့ မှော်စီစာဒေသခံတွေက ပြောပါတယ်။
အလောင်းနှစ်လောင်းစလုံး ခေါင်းတွေမှာ သေနတ်နဲ့ ပစ်သတ်ခံထားရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မှော်စီစာဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“မှော်စီစာလမ်းဆုံ မြန်မာ့ဟန်ဆီဆိုင်ရှေ့မှာ လူနှစ်ယောက်ကို ပစ်သတ်ထားပြီး လာပစ်သွားတာ။ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူး။ ခေါင်းကိုပစ်သတ်သွားတာ စုတ်ပြတ်သတ်နေတာ။ အဲနားမှာတော့ သေနတ်သံတွေမကြားရဘူး။ မနေ့ကလည်း မြောက်ဖြူဘက်မှာ နှစ်ယောက်သတ်ထားပြီး လာပစ်ထားတယ်။ လာပစ်သွားတဲ့ပုံစံတွေက အတူတူပဲ ”
မေလ ၅ ရက် မနေ့ကလည်း မြောက်ဖြူရွာဆိုင်းဘုတ်နားမှာ ဓားထိုးသွင်းဒဏ်ရာ၊ ရိုက်နှက်ထားတဲ့ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်နှစ်ဦး အလောင်းတွေ့ခဲ့ရပြီး ဖားကန့်မှာ နှစ်ရက်အတွင်း အလောင်း လေးလောင်းရှိပြီလို့ ဆိုပါတယ်။
ဧပြီလ ၂၃ ရက်နေ့က ဖားကန့်မြို့၊ မရှီကထာင်ရပ်ကွက် KTV တစ်ခုမှာ စစ်ကောင်စီတပ် ဗိုလ်မှူးတစ်ဦး အပါအဝင် စုစုပေါင်း ငါးဦးအသတ်ခံရပြီး နောက်နေ့မှာပဲ စစ်ကောင်စီ တပ်သားတွေဟာ သူတို့ဖမ်းဆီးထားတဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦးနဲ့ PDF ရဲဘော်တစ်ဦးကို သတ်ပြီး KTV ရှေ့မှာ လာပစ်သွားပါတယ်။
ဒါပေမဲ့ ဒီနေ့မနက်တွေ့ရတဲ့ အလောင်းတွေကတော့ ဘယ်သူဘယ်ဝါဆိုတာ တိတိကျကျ မသိရသေးဘူးလို့ မှော်စီစာဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ ဖားကန့်ဘက်က အခြေအနေတွေအပေါ် သတင်းကြားပေမယ့် လုံခြုံရေးကိစ္စတွေ ဖြစ်တာကြောင့် သူ့အနေနဲ့အတည်ပြုနိုင်ဖို့ ခက်ခဲတယ်လို့ မေ ၅ ရက်နေ့က RFA ကို ဖြေဆိုထားပါတယ်။
ဖားကန့်မြို့နယ်မှာ ဧပြီလအတွင်းမှာပဲ စစ်ကောင်စီတပ်ဗိုလ်မှူးတစ်ဦး၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်သုံးဦး၊ PDF တပ်ဖွဲ့ဝင်တစ်ဦးနဲ့ ပြည်သူ ၁၀ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ၂၀၂၃ ခုနှစ်ကစပြီး ဖားကန့်ဒေသမှာ နယ်မြေရှင်းလင်းရေးတွေ ပိုလုပ်လာသလို ဧပြီလ တစ်လအတွင်းမှာပဲ ပြည်သူ ၄၀၀ ကျော်ကိုဖမ်းဆီးခဲ့ပြီး တချို့ပြန်လွတ်လာပေမယ့် ၁၀၀ ကျော်ကတော့ လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။