ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဟောင်ပါးရွာက ကိုယ်ထူကိုယ်ထ အထက်တန်း ကျောင်းကို မပိတ်ရင် လေယာဉ်နဲ့ ဗုံးကြဲမယ်လို့ စစ်တပ်ကောင်စီတပ်က ခြိမ်းခြောက်တာကြောင့် အရေးပေါ်ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီတပ်မ ၃၃ လက်အောက်ခံတပ်က ဇူလိုင်လ ၁ ရက်မှာ ဟောင်ပါးကျေးရွာကို လာပြီး ရွာအုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတွေကို ခေါ်ယူတွေ့ဆုံကာ ကျောင်းပိတ်သိမ်းဖို့ ပြောဆိုခဲ့တာလို့ ဒေသခံရွာသားတွေက ပြောပါတယ်။
ဟောင်ပါးရွာ အထက်တန်းကျောင်းကို အမျိုးသားညီညွတ်ရေးအစိုးရက ဖွင့်လှစ်ထားတဲ့ ကျောင်းအဖြစ်စွပ်စွဲပြီး စစ်ကောင်စီတပ်က ပိတ်သိမ်းဖို့ သတိပေးတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ကိုယ်ထူကိုယ်ထ အထက်တန်းကျောင်းဆိုတာ NUGရဲ့ ကျောင်းလည်း မဟုတ်ပါဘူး။ ကျောင်းသားမိဘတွေက ကိုယ့်ကလေးစာသင်ရဖို့ အရပ်ထဲက ဆရာ၊ ဆရာမတွေကို ပိုက်ဆံပေးပြီး ငှားထားကြတာပေါ့၊ အဲဒါကို စစ်တပ်က ဒီကျောင်းကို ပိတ်ရင်ပိတ် မပိတ်ရင်တော့ အာမမခံဘူး။ လေယာဉ်တွေက အလကားထားထားတာ မဟုတ်ဘူး၊ ဗုံးလာကြဲလိုက်မယ်လို့ ပြောတာပါ"
ဒေသခံတွေကတော့ ဟောင်ပါးရွာ အထက်တန်းကျောင်းဟာ NUG က ဖွင့်လှစ်ထားတဲ့ ကျောင်း မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းရဲထွန်းကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်း မပြန်ပါဘူး။
ဟောင်ပါးကိုယ်ထူကိုယ်ထ အထက်တန်းကျောင်းကို လွန်ခဲ့တဲ့ နှစ်၂၀ လောက်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိမှာ ကျောင်းသား၂၀၀ ကျော် တတ်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဟောင်ပါး၊ တာမခန်၊ ဆယ်ဇင်း စတဲ့ ကျေးရွာတွေဟာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ရင်း-၂၆ ထိန်းချုပ်ထားတဲ့ နယ်မြေတွေဖြစ်ပါတယ်။