ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မရှိကထောင်ရပ်ကွက်က Happy KTV အရှေ့မှာ အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသားနှစ်ဦးကို ဧပြီလ ၂၄ ရက် ဒီနေ့မနက် ၅ နာရီမှာ စစ်ကောင်စီတပ်သားတွေ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလူငယ်နှစ်ဦးဟာ ရင်ဘတ်နဲ့ခေါင်းတို့မှာ သေနတ်ထိမှန်ဒဏ်ရာရပြီး နေရာမှာတင် သေဆုံးသွားတယ်လို့ ဆိုပါတယ်။
နှစ်ဦးစလုံးဟာ ဖားကန့်မြို့မှာနေထိုင်တဲ့ ဒေသခံတွေဖြစ်ပြီး ရေမဆေးကျောက် ရှာဖွေကြသူတွေလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖားကန့်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဒီနေ့မနက်မှာ အိမ်စီးကားတစ်စီးနဲ့ စစ်သား ၁၃ ဦးပါတဲ့အဖွဲ့က KTV ရှေ့ကိုခေါ်လာပြီး ပစ်သတ်သွားတာပါ။ ပစ်သတ်ပြီး အလောင်းတွေကို လမ်းပေါ် ဒီအတိုင်းပစ်ထားပြီး သူတို့က ပြန်ထွက်သွားတယ်။ သူတို့လူတွေ သေထားတဲ့ KTV အရှေ့မှာ သွေးကြွေး ပြန်ယူတဲ့ သဘောပေါ့ဗျာ။ ပစ်ခံရတဲ့နှစ်ယောက်ထဲက တစ်ယောက်ကိုတော့ သိတယ်။ အောင်ကြည်မင်းလို့ခေါ်တာ။ အခုနှစ် ဖေဖော်ဝါရီလတုန်းက မဇွပ်ယန်ဘက်မှာ အဖမ်းခံခဲ့ရတဲ့သူပါ”
ရုပ်အလောင်းတွေကိုတော့ မနက် ၇ နာရီကျော်မှာ လူမှုကူညီရေးအသင်းတွေက ဖားကန့်ပြည်သူ့ဆေးရုံကြီးထံ သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ဧပြီလ ၂၃ ရက်နေ့မနက်ပိုင်းက အဲဒီ KTV မှာ စစ်ကောင်စီတပ် ဗိုလ်မှူးတစ်ဦး၊ အမျိုးသမီးနှစ်ဦးနဲ့ လုပ်ငန်းရှင် အမျိုးသားနှစ်ဦးတို့ကို အမည်မသိလက်နက်ကိုင် လူတစ်စုက ပစ်သတ်ခဲ့ပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ အဲဒီကိစ္စနဲ့ဆက်စပ်ပြီး လိုက်လံဖမ်းဆီးခဲ့တဲ့အထဲကမှ အခုလို လူငယ်နှစ်ဦးကို KTV ရှေ့ခေါ်လာပြီး ပစ်သတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ဖြေဆိုခြင်း မရှိပါဘူး။
စစ်ကောင်စီတပ်သားတွေဟာ ဖမ်းဆီးထားတဲ့ဒေသခံတွေကို အခုလို ပစ်သတ်နေတာဟာ ပြည်သူတွေကို အကြောက်တရား ထည့်ပေးနေတာလို့ ဒေသခံတွေက ပြောကြပါတယ်။