အဖမ်းခံခဲ့ရတဲ့ ဖားကန့်က ရေမဆေးသမားတွေနဲ့ ကုမ္ပဏီဝန်ထမ်းအချို့ ပြန်လွတ်လာ

RFA Burmese
2023.06.03
အဖမ်းခံခဲ့ရတဲ့ ဖားကန့်က ရေမဆေးသမားတွေနဲ့ ကုမ္ပဏီဝန်ထမ်းအချို့ ပြန်လွတ်လာ ကချင်ပြည်နယ်၊ ဖားကန့်ဒေသ၊ ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ ကျောက်ရှာဖွေတူးဖော်နေသူအချို့အား ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ဖမ်းဆီးခံထားရတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီ၀န်ထမ်းတွေနဲ့ ရေမဆေးကျောက်ရှာသူ ၁၅၀ ၀န်းကျင်ထဲက ငါးဦးကလွဲပြီး ကျန်သူတွေပြန်လွတ်လာပြီလို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ် ဆန်ခါ၊ မှော်ဘုံ၊ မောင်မော်လျှံ၊ မှော်စီဇာရွာတွေမှာရှိတဲ့ တောက်ပကြယ်၊ ကချင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးရက်ရေးကုမ္ပဏီ၊ မြန်မာ့တကောင်း၊ နေမင်းကမ္ဘာ ကျောက်စိမ်းကုမ္ပဏီ၊ ကျော်နိုင်နှင့်ညီများကုမ္ပဏီလုပ်ကွက်တွေထဲက ကျောက်စိမ်း တူးဖော်နေသူတွေကို မေလ ၂၇ ရက်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

မေလကုန်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တာလို့ ဆန်ခါရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

"မေ ၂၇ လောက်ကနေစဖမ်းတာ၊ တောက်ပကြယ်မှာလည်းဖမ်းတယ်၊ မြန်မာ့တကောင်းမှာလည်း ဖမ်းတယ်၊ ကျော်နိုင်နဲ့ညီများကုမ္ပဏီကိုလည်း ဖမ်းတယ်။ တခြားကုမ္ပဏီတွေမှာလည်း ဖမ်းတယ်။ ကုမ္ပဏီနာမည်မရှိတဲ့ ယန္တယားငါးစီးလောက်နဲ့ တစ်ပိုင်တနိုင်တူးတဲ့သူတွေကိုလည်း ဖမ်းတယ်။ ကျော်နိုင်နဲ့ညီများကုမ္ပဏီကတော့ တာဝန်ခံအပါငါးယောက်ဖမ်းတယ် အကုန်ပြန်လွှတ်ပြီ။ တခြားကုမ္ပဏီတွေကလည်း တော်တော်များများတော့ ပြန်လွှတ်ပြီလို့သိရတယ်"

ဖမ်းဆီးခံခဲ့ရသူတွေထဲကမှ မသင်္ကာသူလို့စွပ်စွံခံရသူ ငါးဦးကတော့ ဆက်လက်ဖမ်းဆီးခံ ထားရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဖားကန့်မြို့နယ်၊ ဆန်ခါရွာမှာရှိတဲ့ တောက်ပကြယ်ကုမ္ပဏီက ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီဝန်ထမ်းတွေနဲ့ ရေမဆေးကျောက်ရှာနေသူ တစ်ရာဝန်းကျင်လည်း မေ ၂၈ ရက်နေ့က ဖမ်ဆီးခံခဲ့ရပြီး မေ ၃၀ ရက်မှာ အကုန်လုံးပြန်လွှတ်ပေးခဲ့တယ်လို့ ပြန်လွတ်လာသူတစ်ဦးနဲ့ နီးစပ်သူက ပြောပါတယ်။

"တောက်ပကြယ်က ၃၀ ရက်နေ့မှာ အားလုံးပြန်လွှတ်တယ်။ ကျွန်တော့သူငယ်ချင်း တစ်ယောက် အဲမှာပါသွားတာ။ ဖမ်းဆီခံရတဲ့သူတွေက ကုမ္ပဏီက လူတွေနဲ့ ရေးမဆေးရှာတဲ့သူတွေပဲ။ အဲနားမှာ ရေမဆေးရှာတဲ့တစ်ယောက်ကတော့ ကြောက်ပြီးပြေးတဲ့အချိန် သေနတ်နဲ့ပစ်သတ်ခံရတယ် ပြောတယ်။ ဖမ်းထားတဲ့အချိန် လည်း ထမင်းတောင်မကျွေးဘူး၊ ခေါက်ဆွဲခြောက်တွေပဲ ကျွေးတာလို့ပြောတယ်။ တချို့ကိုတော့ ရိုက်နှက်တာတွေလည်းရှိတယ်"

အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံတစ်ဦးကလည်း မိုးတွင်းကာလ ရောက်လာပြီ ဖြစ်တဲ့အတွက် ကျောက်စိမ်းတူးဖော်မှုမရပ်ဆိုင်းခင် စစ်ကောက်စီတပ်က ပိုက်ဆံရှာတဲ့ အနေနဲ့ ကုမ္ပဏီတွေကိုဖမ်းဆီးပြီး ငွေနဲ့ပြန်ရွှေးခိုင်းတာလို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ကုမ္ပဏီတွေထံကနေ ငွေကြေးတောင်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေကပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (KHRW) ကတော့ မေလအတွင်း ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်သား‌တွေက အရပ်သားပြည်သူ (၉၆) ဦးကျော်ကို ဖမ်းဆီးခဲ့ပြီး ရှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဇွန်လ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဧပြီလအတွင်းမှာလည်း စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၃၇၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ လုံခြုံရေးကိစ္စတွေကို သူ့အနေနဲ့မသိနိုင်သလို ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ဖို့ တရားဝင်ခွင့်ပြုထားတာမရှိဘူးလို့ RFA ကို ဧပြီလက ပြောဆိုထားပါတယ်။

ကချင်ပြည်နယ် သယံဇာတတူးဖော်မှုတွေကို စောင့်ကြည့်နေတဲ့ Kachin State Accountability Resource Govenance (K-SAG) ရဲ့ ဧပြီလ ၂၃ ရက်ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ တရားဝင်ကျောက်စိမ်းတူးဖော်မှုအားလုံး ၂၀၂၁ ခုနှစ်မှာ သက်တမ်း ကုန်ဆုံးပြီဖြစ်ပြီး အခုတူးဖော်နေတာတွေက တရားမဝင်တူးဖော်နေတာလို့ ဖော်ပြထားပါတယ်။

လက်ရှိ ကျောက်စိမ်းတူးဖော်ဖို့ ပေတစ်ရာပတ်လည် မြေနေရာတစ်ခုအတွက် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကို ကျပ်သိန်း ၁၅၀၀ ကနေ ၂၀၀၀ ကြား ပေးရသလို စစ်ကောင်စီကိုလည်း ကျပ်သိန်း ၂၀၀၀ ကနေ ၃၀၀၀ ကြားပေးရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။