ကယားပြည်နယ် ဖရူဆိုမြို့နယ် အနောက်ဘက်အခြမ်းမှာ စစ်ကောင်စီတပ်က နေ့စဉ်လိုလို ဂျက်တိုက်လေယာဉ်နဲ့ လှည့်လည်နေတာကြောင့် လေကြောင်းတိုက်ခိုက်ခံရမှာကို စိုးရိမ်နေရတဲ့ ဒေသခံတွေဟာ တောတောင်တွေထဲမှာ သွားရောက်အိပ်စက် နေကြရတယ်လို့ ဖရူဆိုဒေသခံတွေက ဇူလိုင်လ ၃ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ မနက်ပိုင်း ၄ နာရီလောက်က ဖရူဆိုမြို့နယ် အနောက်ဘက် အခြမ်းမှာရှိတဲ့ ဒိုးရော့ရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ရပြီး မိသားစုဝင် နှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တာပါ။
အဲဒီနေ့ ညသန်းခေါင်အချိန်မှာပဲ စစ်ကောင်စီက လိုခူပရားကျေးရွာကို ဗုံးကြဲတိုက်ခိုက်လို့ စာသင်ကျောင်းအပါအဝင် နေအိမ်အချို့ ပျက်စီးခဲ့ရပါတယ်။
အဲဒီနောက်ပိုင်းကစလို့ စစ်ကောင်စီက နေ့ခင်းပိုင်းတွေမှာပါ တိုက်လေယာဉ်နဲ့ နေ့စဉ်နီးပါး လှည့်လည်နေတာကြောင့် ဒေသခံတွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်နေတာလို့ ဖရူဆို ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဖရူဆိုအရှေ့ဘက်က အဲလောက်မဟုတ်ဘူးပေါ့နော် အနောက်ဘက်အခြမ်းကကျတော့ နေ့တိုင်းပဲ လေယာဉ်လာတယ်။ အခုလည်း အသံကြားရလား လေယာဉ်သံ ကြားနေရတယ်။ ဒေသခံတွေရော၊ စစ်ရှောင်တွေရော ကြောက်လို့ တောထဲမှာနေရတယ်။ ညဆို ကိုယ့် အိမ်နေရာမှာ မအိပ်ရဲဘူး"
တိုက်ပွဲဖြစ်တာမရှိဘဲ အခုလိုလေကြောင်းကနေ လာရောက် ပစ်ခတ်တာ၊ ကင်းလှည့်တာတွေကြောင့် တောတောင်တွေ ထဲမှာ သွားအိပ်ရတဲ့ စစ်ဘေးဒုက္ခသည် အချို့ ဖျားနာကြတယ်လို့ ဆိုပါတယ်။
ဖရူဆိုမြို့နယ်မှာ ရွာပေါင်း ခုနစ်ဆယ်နီးပါးရှိပြီး ဒုက္ခသည်စခန်း နှစ်ဆယ်ဝန်းကျင်လောက်အထိ ရှိတယ်လို့ဆိုပါတယ်။ အဲဒီဒေသမှာ စစ်ဘေးဒုက္ခသည်တွေ အပါအဝင် လူဦးရေ ၃၅,၀၀၀ လောက်အထိ နေထိုင်တယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ဖရူဆိုမြို့နယ်အတွင်းမှာ အခုလို လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီ ကယားပြည်နယ် ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
အခုလို လေကြောင်း တိုက်ခိုက်မှုအန္တရာယ်ကြောင့် အထက်တန်းကျောင်း နှစ်ခုအပါအဝင် စာသင်ကျောင်း ခုနစ်ဆယ်နီးပါ ပိတ်ထားရတယ်လို့လည်း ဖရူဆို အနောက်ဘက်အခြမ်း စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
"လိုခူပရားရွာကို လေယာဉ်နဲ့ လာပစ်တုန်းက စာသင်ကျောင်းကိုပါ ပစ်သွားတာလေနော်။အဲဒါဆိုတော့ အကုန်လုံးက ကြောက်ပြီးတော့ ကျောင်းတွေလည်း မဖွင့်ရဲတော့ဘူး။ လေယာဉ်နဲ့ အမြဲပတ်နေတာဆိုတော့ လူစုတာမြင်ရင် လာပစ်မှာကြောက်နေရတယ်"
တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ ဇွန်လ ၃၀ ရက်နေ့ထိ စာရင်းတွေအရ ရှမ်းပြည်တောင်ပိုင်းနဲ့ ကယားပြည်နယ်အတွင်းမှာ စစ်တပ်အာဏာသိမ်း ကာလအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သား ၁၈ ဦး သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။