စစ်ကောင်စီ မြေလှန်နည်းဗျူဟာကို အရှိန်မြှင့်လာကြောင်း HRW ပြော
2025.01.16
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း တိုက်ပွဲတွေမှာ နယ်မြေဆုံးရှုံးမှုတွေများခဲ့တဲ့ စစ်ကောင်စီဟာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်တဲ့နယ်မြေတွေထဲမှာ မြေလှန်နည်းဗျူဟာကို အရှိန်မြှင့်လုပ်ဆောင်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ထုတ်ပြန်လိုက်ပါတယ်။
ဇန်နဝါရီလ ၁၆ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့အစီရင်ခံစာ ၂ဝ၂၅ မှာ အခုလိုရေးသားထားတာပါ။
စစ်ကောင်စီဟာ စစ်ဘက် အရပ်ဘက် မခွဲခြားဘဲ လေကြောင်းကနေတိုက်ခိုက်တာ၊ သတ်ဖြတ်တာ၊ အဓမ္မကျင့်တာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ မီးရှို့တာတွေ အပါအဝင် အရပ်သားတွေနဲ့ အရပ်ဘက်အခြေခံအဆောက်အအုံတွေကို ဥပဒေမဲ့တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီကျူးလွန်မှုတွေဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်လို့လည်း ဆိုပါတယ်။
၂၀၂၄ ပထမ ကိုးလအတွင်း မြေမြှုပ်မိုင်းနဲ့ စစ်အကြွင်းအကျန် ပေါက်ကွဲပစ္စည်းတွေကြောင့် ကလေးငယ် ၂၄၅ ဦးအပါအဝင် အရပ်သား ၈၈၉ ဦး သေဆုံးခဲ့တယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပေမဲ့ လက်တွေ့မှာ ပိုများနိုင်တယ်လို့လည်း HRW က ရေးသားထားပါတယ်။
လူသတ်မိုင်းတွေ အသုံးပြုနေတဲ့ လက်ရှိ နိုင်ငံလေးနိုင်ငံမှာ မြန်မာနိုင်ငံ ပါဝင်တယ်လို့လည်း ဆိုပါတယ်။ ၂၀၂၁ မေလကနေ ၂၀၂၄ သြဂုတ်လအထိ စစ်ကိုင်းတိုင်းမှာ နေအိမ် တစ်သိန်းကျော်ကို စစ်တပ်က မီးရှို့ခဲ့တယ်လို့လည်း ဆိုပါတယ်။
၂၀၂၃ နိုဝင်ဘာလကစပြီး ပဋိပက္ခတွေကြောင့် ရိုဟင်ဂျာတွေအပါအဝင် ရခိုင်နဲ့ ချင်းပြည်နယ်တောင်ပိုင်းက လူပေါင်း သုံးသိန်းရှစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြတယ်လို့လည်း ဖော်ပြပါတယ်။
ဒါ့အပြင် လူဦးရေသောင်းနဲ့ချီ နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြသလို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ကလည်း ထောင်နဲ့ချီတဲ့ လူတွေကို မြန်မာနိုင်ငံထဲ အတင်းပြန်ပို့ခဲ့တယ်လို့ ဆိုပါတယ်။
၂ဝ၂၃ ဇန်နဝါရီလကနေစပြီး အသက်အန္တရာယ်များတဲ့ လှေခရီးစဉ်တွေနဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ စွန့်စားထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ တစ်သောင်းတစ်ထောင်ကျော်ထဲက ၈ဝဝ ကျော် ပင်လယ်ပြင်မှာ သေဆုံး၊ ပျောက်ဆုံးခဲ့ကြတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။