NLD အစိုးရလက်ထက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အခြေအနေ ကျဆင်းကြောင်း HRW ပြော
2019.02.01
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ သတင်းစာရှင်းလင်းပွဲ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာဟိုတယ်မှာ ပြုလုပ်ခဲ့စဉ်
NLD အစိုးရတက်လာပြီး နောက်ပိုင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အခြေအနေ ပိုမိုဆိုးရွားလာကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ဒီနေ့ ပြောဆိုလိုက်ပါတယ်။
ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာဟိုတယ်မှာ HRW အဖွဲ့က Ms Linda Lakhdhir သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောဆိုလိုက်တာဖြစ်ပါတယ်။
HRW အဖွဲ့ကထောက်ပြချက်တွေထဲမှာ အစိုးရ အရာရှိတွေကို ဝေဖန်တဲ့ Facebook အသုံးပြုသူတွေကစပြီး စစ်ဆန့်ကျင်တဲ့ သရော်ပြဇာတ်တင်ဆက်တဲ့ ကျောင်းသားတွေအထိ ဥပဒေတွေနဲ့ တရားစွဲ အရေးယူခံနေရတာတွေ ရှိနေတာကို အဓိကထား ထောက်ပြထားသလို သတင်းမီဒီယာသမားတွေ အထူးအန္တရာယ်ရှိနေတယ်လို့လည်း သုံးသပ်ထားပါတယ်။
NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကတော့ NLD အစိုးရလက်ထက်မှာ လွတ်လပ်စွာထုတ်ဖော်ပြော ဆိုခွင့် ကျဆင်းတယ်ဆိုတာဟာ မဟုတ်ကြောင်း RFA ကို ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာပါ။









