အစိုးရတပ်တွေ လူ့အခွင့်အရေး ချိုးဖောက်နေကြောင်း HRW အဖွဲ့ ထုတ်ပြန်
2012.01.22
Human Rights Watch (HRW) လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့နဲ့ Karen Human Rights Group (KHRG) ကရင် လူ့အခွင့်အရေး အဖွဲ့တို့က ပူးပေါင်း ပြုစုထားသော Dead Men Walking: Convict Porters on the Front Lines in Eastern Burma "သေလူတွေ လမ်းလျှောက်ခြင်း- မြန်မာနိုင်ငံ အရှေ့ခြမ်းက ရှေ့တန်း စစ်မျက်နှာတွေက အကျဉ်းသား ပေါ်တာများ" အစီရင်ခံစာ မျက်နှာဖုံးပုံ ဖြစ်ပါသည်။
ကမ္ဘာ့ နိုင်ငံအတော်များများက အစိုးရတွေနဲ့ အဖွဲ့အစည်းတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ HRW ရဲ့ ၂ဝ၁၁ ခုနှစ် အစီရင်ခံစာမှာ အခုလို ဖော်ပြထားတာပါ။
ပြီးခဲ့တဲ့နှစ် ဇွန်လကတည်းက ပြန်လည် ဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ်က စစ်ပွဲတွေအတွင်း မြန်မာ အစိုးရတပ်တွေက ဒေသခံ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ၊ ဒေသခံတွေကို ညှဉ်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာ တွေ ကျူးလွန်ခဲ့တယ်လို့ HRW အစီရင်ခံစာက ဆိုပါတယ်။
ဒါ့ပြင် ကချင်ပြည်နယ်က စစ်ပွဲတွေကြောင့် ဒေသခံလူထု ၅ သောင်း လောက် ထွက်ပြေး ပုန်းရှောင်နေရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။
အစိုးရတပ်တွေ အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ဟာ ဒေသခံ ကျေးရွာတွေအနီးမှာ မြေမြုပ်မိုင်းထောင် တိုက်ခိုက်တာ တွေ ရှိတဲ့အတွက် ဒီလို အချက်အားလုံးဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်တာ ဖြစ်တယ်လို့ အစီရင်ခံစာက ထောက်ပြထားပါတယ်။









