နိုင်ငံရေးအရ ဖမ်းဆီးထားသူတွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကို စစ်တပ်အာဏာပိုင်တွေက အနှောင့်အယှက်ပေးတာတွေရှိနေသလို ထောင်ချတာတွေပါ ရှိနေတယ်လို့ နယူးယောက် အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်အဖွဲ့ HRW က ဇွန်လ ၈ ရက်နေ့ ဒီနေ့ အစီရင်ခံစာထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
စစ်ကောင်စီ အထူးတရားရုံးတွေမှာ လုပ်ကိုင်နေတဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ ဥပဒေအကြံပေး ခုနစ်ဦးနဲ့ ရှေ့နေ ၁၉ ဦးတို့ကို HRW က မေးမြန်းပြီး အစီရင်ခံစာထုတ်ပြန်ခဲ့တာပါ။
ရှေ့နေ ၁၉ ဦးလုံးက သူတို့ကိုယ်တိုင် စစ်တပ်အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှုတွေနဲ့ စောင့်ကြည့်မှုတွေကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။ တချို့အမှုတွေမှာ တက်ကြွလှုပ်ရှားသူ တွေကို ကိုယ်စားပြုမှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ စစ်အာဏာပိုင်တွေက ရှေ့နေတွေကို ပစ်မှတ်ထားပုံရတယ်လို့ HRW က ဝေဖန်ပါတယ်။ မြန်မာရှေ့နေတွေဟာ လုပ်ငန်းခွင်ကို အဟန့်အတားဖြစ်စေတဲ့ အတားအဆီး၊ အကန့်အသတ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ HRW ရဲ့ မြန်မာ့အရေးသုတေသီ Manny Maung က ပြောပါတယ်။ စစ်ကောင်စီအနေနဲ့ ဖမ်းဆီးထားသူတွေ အားလုံးကို ချက်ချင်းလွှတ်ပေးပြီး ရှေ့နေတွေကို နှောင့်ယှက်တာတွေ ကိုလည်း ရပ်တန့်သင့်တယ်လို့ သူက ပြောပါတယ်။