မြန်မာ့တပ်မတော်ရဲ့ ရာဇဝတ်မှုအစီရင်ခံစာ HRW အဖွဲ့ထုတ်ပြန်
2017.12.19

တူလာတိုလီရွာက မြန်မာ့တပ်မတော်ရဲ့ရာဇဝတ်မှု ဆိုတဲ့ခေါင်းစဉ်နဲ့အစီရင်ခံစာတစောင်ကို HRW လူ့အခွင့် အရေးစောင့်ကြည့်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
မောင်တောခရိုင် တူလာတိုလီ ခေါ် မင်းကြီးရွာမှာ သြဂုတ်လ ၃၀ ရက်နေ့က နယ်မြေရှင်းလင်းရေးဆိုပြီး၊ မြန်မာ့ တပ်မတော်က အကြမ်းဖက်နှိမ်နင်းတဲ့အခါမှာ မြစ်ကမ်းဘေးမှာ ရွာသားတွေကို စနစ်တကျ သုတ်သင်ရှင်းလင်း သတ်ဖြတ်သလို၊ အမျိုးသမီးတွေ ရာနဲ့ချီပြီး မုဒိန်းကျင့်ခဲ့တယ်လို့ စာမျက်နှာ ၃၀ ပါတဲ့ အဲဒီအစီရင်ခံစာမှာ ရေးထား ပါတယ်။ အဲဒီထဲမှာ အမျိုးသမီး ၁၈ ယောက်ကို တွေ့ဆုံမေးမြန်းထားတဲ့ ကိုယ့်တွေ့ဖြစ်ရပ်တွေပါဝင်ပြီး၊ တခြား ရိုဟင်ဂျာဒုက္ခသည် ၂၀၀ ကျော်ရဲ့ အတွေ့အကြုံတွေလည်း ပါဝင်တယ်လို့သိရပါတယ်။
အဲဒီ တူလာတိုလီက မြန်မာ့တပ်မတော်ရဲ့လုပ်ရပ်ဟာရက်စက်ကြမ်းကြုတ်တယ်လို့ပြောယုံတင်မကဘဲ စနစ်တကျလုပ်တာလို့ကိုပြောနိုင်တယ်လို့ HRW ရဲ့အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Brad Adam ကပြောပါတယ်။
ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့က သြဂုတ်လ ၂၅ ရက်နေ့မှာဝင်တိုက်လို့ သြဂုတ်လ ၃၀ ရက်နေ့ မှာတော့ မြန်မာစစ်သားတွေနဲ့ လက်နက်ကိုင် ရခိုင်ရွာသားတွေက တူလာတိုလီကိုရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီမှာထွက်ပြေးကြတဲ့ ရွာသားတွေကို ကျေးရွာဥက္ကဌက မြစ်ဘေးမှာလူစုခိုင်းထားပြီးတဲ့နောက် စစ်သားတွေက သူတို့ကို ဝိုင်းထားလိုက်ပြီး၊ အမျိုးသား အမျိုးသမီး သီးခြားစီခွဲလိုက်တဲ့အကြောင်း၊ နောက်တော့ အမျိုးသားတွေကို ဒူးထောက်ခိုင်းပြီး သေနတ်နဲ့ပစ်သတ်သလို၊ ဓါးတွေနဲ့ပါထိုးသတ်တယ်ဆိုတဲ့အကြောင်း၊ ပြီးတဲ့အခါ အလောင်းတွေ ကို မီးရှို့မြေမြှုပ်ပြီး ဖျောက်ဖျက်ကြတဲ့အကြောင်း၊ အမျိုးသမီးတွေကိုတော့ မုဒိန်းကျင့်ကြတယ်ဆိုတဲ့အကြောင်း HRW ရဲ့ အစီရင်ခံစာမှာရေးထားပါတယ်။
ဒါကြောင့် အဲဒီလုပ်ရပ်အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေက ပြစ်တင်ရှုတ်ချနေရုံနဲ့ မလုံလောက်ဘဲ အရေးယူဖို့ပါ လိုအပ်တယ်လို့ HRW က ပြောပါတယ်။