သီပေါမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် လေးဦး သေဆုံး

RFA Burmese
2024.10.01
သီပေါမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် လေးဦး သေဆုံး သီပေါမြို့အတွင်း လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်အချို့ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။
နယ်စည်းမခြား ပရဟိတအဖွဲ့

စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် (TNLA) တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် အရပ်သား လေးဦး သေဆုံးသွား ပြီး လူမှုကူညီရေးအဖွဲ့တွေ အပါအဝင် ဆယ်ဦးကျော် ဒဏ်ရာရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စက်တင်ဘာလ ၂၈ ရက်နဲ့ ၂၉ ရက်မှာ သီပေါမြို့အထွက်က စစ်ကောင်စီတပ်စခန်းနေရာတွေမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်တွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ခါလိန်ရွာက သုံးဦး၊ မြို့လယ်ဓမ္မာရုံအနီးက တစ်ဦး သေဆုံးသွားပြီး လူမှုကူညီရေးလုပ်နေတဲ့ အမျိုးသား သုံးဦး အပါအဝင်း ဇတ်စုရပ်ကွက်က လေးဦး၊ ဈေးရပ်ကွက်က နှစ်ဦး၊ ပန်တိမ်မြောက်ရပ်ကွက်က နှစ်ဦး စုစုပေါင်း ၁၁ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။

သေဆုံးသူလေးဦးရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒဏ်ရာရသူတွေကို သီပေါမြို့ နယ်စည်းမခြား ပရဟိတအဖွဲ့ရဲ့ အခမဲ့ဆေးခန်းမှာ ကုသပေးနေပြီး သေဆုံး သူတွေကို လူမှုကူညီရေးအသင်းအဖွဲ့တွေက သင်္ဂြိုဟ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

သီပေါမြို့အတွင်း လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA ကဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလအတွင်း သီပေါမြို့ကို TNLA ကသိမ်းပိုက်ထားပြီး မြို့အထွက်က စစ်ကောင်စီ တပ်စခန်းနေရာတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။

စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ - ၅၀၃၊ ခမရ - ၅၀၄ တပ်စခန်းတွေကို TNLA က အခုရက်ပိုင်းမှာ သိမ်းပိုက်ထားပြီး ခြေလျင်တပ်ရင်း ခလရ -၂၃ တပ်စခန်း အနီးမှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သီပေါမှာ တိုက်ပွဲကာလ တစ်လကျော်အတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား သုံးဆယ်ကျော် သေဆုံးပြီး ဒဏ်ရာရသူ ခုနစ်ဆယ်ကျော်ရှိတယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။