ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် လှည်းလမ်းကူးရွာမှာ ဇူလိုင်လ ၁၈ ရက်နေ့က မြေမြှုပ်မိုင်းနင်းမိတာကြောင့် ဒေသခံနှစ်ဦး နေရာမှာတင် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသွားသူတွေဟာ အသက် ၄၀ အရွယ် ဒေါ်ဖြူနုနဲ့ အသက် ၁၈ နှစ်အရွယ် ကိုသူရိန်စိုး (ခ) ပေါက်ပြီးတို့ဖြစ်ပြီး မိုင်းပေါက်ကွဲမှုအရှိန်ကြောင့် ခြေထောက်နဲ့ဝမ်းဗိုက် ပွင့်ထွက်သွားတာလို့ ဆိုပါတယ်။
လှည်းလမ်းကူးရွာဟာ စစ်ကောင်စီတပ်တွေ ကာလအတော်ကြာ တပ်စွဲနေထိုင်ခဲ့တဲ့ ရွာဖြစ်ပါတယ်။
ဇူလိုင်လ ၆ ရက်နေ့က စစ်ကြောင်းတွေ ပြန်ထွက်သွားတာကြောင့် ဒေသခံတွေ ရွာထဲကို ပြန်ဝင်ရောက်ချိန် မိုင်းနင်းမိတာလို့ အမည်မဖော်လိုတဲ့ ထန်းတပင်မြို့ခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
"စစ်တပ်က ထောင်ခဲ့တဲ့ မိုင်းဆိုတာ အသေအချာပေါ့။ သူတို့အိမ်ကိုမဝင်ခင် လမ်းအကွေ့မှာပဲ ပေါက်ကွဲသွားတာ။ ဆုံးသွားတဲ့သူနှစ်ဦးက သားမက်နဲ့ယောက္ခမ တော်ကြပါတယ်။ ဘယ်သူက မိုင်းတတ်နင်းလဲတော့ မသိဘူး။ အုန်းဆိုအသံကြားပြီး မြေကြီးတွေ ဖွာလန်ကြဲထွက်လာတော့ ပြေးကြည့်မှ သူတို့ဖြစ်နေတာ။ ဒဏ်ရာကပြင်းထန်တော့ နေရာမှာတင် ဆုံးသွားကြပါတယ်"
သုံးလနီးပါးအကြာ ထွက်ပြေးနေရတဲ့ ဒေသခံတွေဟာ စစ်ကြောင်းရွာကနေ ထွက်သွားတာကြောင့် အိမ်အခြေအနေနဲ့ လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းတွေ ခေတ္တလာပြန်ယူချိန် အခုလို မိုင်းနင်းမိခဲ့တာလို့ ဆိုပါတယ်။
အဲဒီမြေမြှုပ်မိုင်းကို စစ်ကောင်စီတပ်က ထောင်ခဲ့တာလို့ ဒေသခံတွေကပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်နိုင်ခြင်းတော့ မရှိသေးပါဘူး။
လှည်းလမ်းကူးရွာဟာ အိမ်ခြေလေးရာနဲ့ လူဦးရေ တစ်ထောင်ကျော် နေထိုင်ကြပြီး အများစုဟာ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြတာလို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း လှည်းလမ်းကူးရွာဟာ မြေမြှုပ်မိုင်းအန္တရာယ်အတွက် လုံခြုံစိတ်ချမှုမရှိတာကြောင့် နေရပ်မပြန်ရဲကြတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီပေါက်ကွဲမှုနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်ထုတ်ပြန်ချက်အရ စစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံတစ်ဝန်း သေဆုံးသူ ၃,၈၀၅ ဦးအထိရှိလာပြီ ဖြစ်ပါတယ်။