လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းဒေသခံ ၂၀၀ ကျော် အိန္ဒိယဘက်အခြမ်း ထွက်ပြေး
2023.01.19
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်က မြန်မာ - အိန္ဒိယနယ်စပ်မှာရှိတဲ့ ချင်းအမျိုးသား တပ်ဦး (CNF) ဌာနချုပ်ကို ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်တွေမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထန်တလန်မြို့နယ်က ဒေသခံ ၂၀၀ ကျော် အိန္ဒိယဘက်အခြမ်းကို စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က RFA ကို ဒီနေ့ပြောပါတယ်။
ထန်တလန်မြို့နယ်၊ မြန်မာ-အိန္ဒိယနယ်စပ်အနီးက ကျေးရွာငါးရွာကဒေသခံတွေ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေး တိမ်းရှောင်ခဲ့ရတာလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)ရဲ့ မန်နေဂျာ ဆလိုင်းမန်ဟန်လျန်က ပြောပါတယ်။
“စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု စတဲ့နေ့မှာပဲ ထွက်ပြေးလာကြတယ်။ ကျနော်တို့ မှတ်တမ်းတင်ထားသလောက်တော့ ဇန်နဝါရီ ၁၄ ရက်နေ့အထိ လူဦးရေ ၂၁၀ ဝန်းကျင် ရှိတယ်။ မီဇိုရမ်ပြည်နယ်ထဲမှာပဲ တိမ်းရှောင်နေကြရတယ်။ တခြားထွက်ပြေးလာတဲ့ သူတွေလည်း ရှိနေနိုင်သေးတယ်”
နေရပ်စွန့်ခွာလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို မီဇိုရမ်ပြည်သူတွေနဲ့ နိုင်ငံတကာရောက် ချင်းလူမှုအဖွဲ့အစည်းတွေက ကူညီမှုတွေပေးထားတယ်လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်က အရပ်သားတွေအပေါ် ထိခိုက်စေတဲ့ လေကြောင်းတိုက်ခိုက်မှုကို ရပ်တန့်ဖို့ လိုအပ်နေပြီလို့လည်း သူကပြောပါတယ်။
ချင်းပြည်နယ်အတွင်းမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီး နောက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ် လုပ်ခဲ့တာကြောင့် အရပ်သားတစ်ဦးနဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင် ရှစ်ဦး သေဆုံးခဲ့သလို အရပ်သား ၃၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သူက ပြောပါတယ်။
ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်မှာ စစ်ကောင်စီက ချင်းအမျိုးသားတပ်ဦး(CNF)ဌာချုပ်ကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် တပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းဒေသခံ ၅၂,၀၀၀ ကျော်က အိန္ဒိယဘက်အခြမ်း မီဇိုရမ်ပြည်နယ်ထဲကို နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး အဲဒီအထဲ လူ ၈,၀၀၀ နီးပါးက နယူးဒေလီမြို့ကို ပြောင်းရွှေ့နေထိုင်ကြတယ်လို့ CHRO ရဲ့ မန်နေဂျာ ဆလိုင်းမန်ဟန်လျန်က ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်း တွေအရ စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် ချင်းပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည် ငါးသောင်းနီးပါးအထိ ရှိနေပါတယ်။