စစ်ကောင်စီရဲ့ရာဇဝတ်မှုတွေ အဆုံးသတ်ရေး ဝိုင်းဝန်းကူညီဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း

မြန်မာနိုင်ငံမှာ အစုအပြုံလိုက် နေရပ်စွန့်ခွာထွက်ပေးတိမ်းရှောင်ရမှုတွေ ရပ်တန့်စေဖို့ အတွက် စစ်ကောင်စီကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အဆုံးသတ်ရေးကို ဝိုင်းဝန်းပံ့ပိုး ကူညီပေးကြဖို့ လူ့အခွင့်အရေးအဖွဲ့တွေက ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုလိုက်ပါတယ်။

ဇွန်လ ၂ဝ ရက် ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ မြန်မာရိုဟင်ဂျာအဖွဲ့၊ ချင်းလူ့အခွင့်အရေးအဖွဲ့ အပါအဝင် အဖွဲ့ ၁၁ ဖွဲ့က ကြေညာချက် ထုတ်ပြန်တောင်းဆို လိုက်တာပါ။

စစ်ကောင်စီဟာ လက်ရှိမြန်မာနိုင်ငံရဲ့ ဆိုးရွားတဲ့အကျပ်အတည်းတွေရဲ့ အရင်းခံဖြစ်ပြီး ကျူးလွန်သူတွေကို တာဝန်ခံခိုင်းရေး၊ မြန်မာနိုင်ငံအတွက် အကူအညီတွေကို စစ်အုပ်စုကတစ်ဆင့် ပေးပို့နေတာတွေ ရပ်တန့်ရေး၊ ယာယီခိုလှုံဖို့ရောက်လာတဲ့ ဒုက္ခသည်တွေကို အမိုးအကာနဲ့ အကာအကွယ်တွေ ပံ့ပိုးကူညီရေး၊ လူသားချင်းစာနာမှု အကူအညီတွေကို ထိရောက်စွာပေးပို့နိုင်ဖို့အတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အနေနဲ့ ဒေသခံအဖွဲ့အစည်းတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ တိုင်ပင်ဆွေးနွေးပူးပေါင်းဆောင်ရွက်ဖို့လည်း ကြေညာချက်မှာ တောင်းဆိုထားပါတယ်။