ဖိလစ်ပိုင်ခေါင်းဆောင်ဟောင်း ဒူတာတေး ICC ရှိရာ နယ်သာလန်ရောက်လာပြီ

2025.03.12
ဖိလစ်ပိုင်ခေါင်းဆောင်ဟောင်း ဒူတာတေး ICC ရှိရာ နယ်သာလန်ရောက်လာပြီ ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးအား ဟောင်ကောင်မြို့တွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။
AP

မူးယစ်ဆေးဝါးနှိမ်နင်းရေးမှာ လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုစွဲချက်နဲ့ ဖမ်းဆီးခံရတဲ့ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို တင်ဆောင်လာတဲ့ အထူးလေယာဉ်ဟာ နယ်သာလန်နိုင်ငံကို မတ်လ ၁၂ ရက်က ဆိုက်ရောက်လာပါတယ်။

သမ္မတဟောင်းကို တင်ဆောင်လာတဲ့လေယာဉ်ဟာ သူဖမ်းဆီးခံရတဲ့ ဖိလစ်ပိုင်နိုင်ငံ မနီလာလေဆိပ်ကနေ ညလုံးပေါက်ပျံသန်းလာပြီး ယူအေအီးနိုင်ငံ ဒူဘိုင်းမှာ ဆီဖြည့်ခဲ့တယ်လို့ CNA သတင်းကဖော်ပြပါတယ်။

အသက် ၇၉ နှစ်အရွယ် ဒူတာတေးဟာ နိုင်ငံတကာ ရာဇဝတ်ခုံးရုံး ICC ရှိရာ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ကိုရောက်ရှိလာတာဖြစ်ပြီး လာမယ့်ရက်တွေမှာ တရားရင်ဆိုင်ရပါမယ်။

နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) က Crime Against Humanity ဆိုတဲ့ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုနဲ့အလိုရှိနေတဲ့ ဒူတာတေးကို မတ်လ ၁၁ ရက် အင်္ဂါနေ့က ဟောင်ကောင်ကနေအပြန် မနီလာမြို့လေဆိပ်မှာဖမ်းဆီးခံခဲ့ရတာပါ။ ICC ထုတ်ထားတဲ့ ဖမ်းဝရမ်းကိုပေးအပ်ပြီး ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာလိုလည်း ဆိုပါတယ်။

သမ္မတဟောင်း ဒူတာတေးဟာ ဒါဗိုစ်မြို့တော်ဝန်အဖြစ် တာဝန်ယူခဲ့တဲ့အချိန်မှာရော သမ္မတအဖြစ် တာဝန်ယူနေတဲ့အချိန်မှာပါ မူးယစ်ဆေးနှိမ်နင်းရေး စီမံချက်တွေကို ဆောင်ရွက်ရာမှာ သံသယရှိသူတွေကို တရားစီရင်စစ်ဆေးမှုမရှိဘဲ သတ်ဖြတ်တာတွေ ပေါ်ပေါက်ခဲ့တဲ့အတွက် လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုအဖြစ်၂၀၁၈ ခုနှစ်ကတည်းက ICC က စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။

တရားမစီရင်ဘဲ သတ်ဖြတ်မှုတွေကျူးလွန်ဖို့ အမိန့်ပေးခဲ့တာမရှိဘူးလို့ ဒူတာတေး ငြင်းဆိုတာတွေကိုလည်း နိုင်ငံတကာသတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။