ထောင်တွေထဲဝင်ရောက်ခွင့်ရဖို့ ICRC ကြိုးစားနေဆဲ
2023.11.13
နိုင်ငံတဝန်းက အကျဉ်းထောင်တွေထဲဝင်ရောက်ကြည့်ရှု့ခွင့်ရဖို့ အာဏာပိုင်တွေနဲ့ ဆက်လက်ဆွေးနွေးနေတယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။
ထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ နေနေရတဲ့ အခြေအနေတွေကို ဝင်ရောက်စစ်ဆေးပေးဖို့ နိုင်ငံရေး အကျဉ်းသားအရေးလှုပ်ရှားသူတွေနဲ့ မိသားစုဝင်တွေက တောင်းဆိုနေကြတာဖြစ်ပါတယ်။
ထောင်တွေထဲဝင်စစ်ခွင့်ရဖို့ဟာ သူတို့အတွက် ဦးစားပေးအစီအစဉ်ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ICRC တာဝန်ခံက RFA ရဲ့ မေးမြန်းချက်ကို အီးမေးလ်ကတစ်ဆင့် အကြောင်းပြန်ပါတယ်။
ထောင်ကျနေတဲ့သူတွေ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်စားသောက်ရဖို့ ICRC က တွန်းအားပေးနေတယ်လို့ ဆိုပါတယ်။
အရင်စစ်အစိုးရလက်ထက်မှာ ICRC ဟာ အကျဉ်းထောင်တွေထဲဝင်ပြီး အကျဉ်းသားတွေအတွက် အကူအညီပေးနိုင်ခဲ့ပေမဲ့ အခုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်အာဏာသိမ်းပြီးနောက်မှာတော့ လုံးဝဝင်ခွင့်မရသေးပါဘူး။
ICRC အနေနဲ့ ဆွေးနွေးစရာရှိတာတွေကို သိုသိုသိပ်သိပ်ဆွေးနွေးနေပြီး လူသိရှင်ကြား ထုတ်မပြောတာဟာ နိုင်ငံရေးအကျဉ်းသားတွေကို အလေးမထား လျစ်လျူရှုထားတာ မဟုတ်ဘူးလို့ ဆိုပါတယ်။