တရားမျှတမှုအတွက် တိုက်ပွဲဝင်ကြဖို့ IEC ဥက္ကဋ္ဌတိုက်တွန်း

RFA Burmese
2025.01.01
တရားမျှတမှုအတွက် တိုက်ပွဲဝင်ကြဖို့ IEC ဥက္ကဋ္ဌတိုက်တွန်း ၂၀၂၅ ဇန်နဝါရီ ၁ ရက်နေ့က နှစ်သစ်ကူးမိန့်ခွန်းပြောကြားနေသည့် IEC ဥက္ကဋ္ဌ ခူဦးရယ်အားတွေ့ရစဉ်။
IEC

 တရားမျှတမှု အတွက် ကရင်နီလူမျိုးအားလုံး ကျရာအခန်းကဏ္ဍကနေ အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်ကြရမှာ ဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဥက္ကဋ္ဌ ခူဦးရယ်က တိုက်တွန်းလိုက်ပါတယ်။

ဇန်နဝါရီလ ၁ ရက်နေ့က နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောကြားခဲ့တာပါ။

၂၀၂၅ ခုနှစ်မှာ ကရင်နီလူမျိုးတွေဟာ တရားမျှတမှုအတွက် ခွန်အားသစ်တွေနဲ့ အတူ ညီညီညွတ်ညွတ်နဲ့ အဆုံးတိုင် ဆက်လက်ခရီးနှင်နိုင်ဖို့ ယုံကြည်မျှော်လင့်ပါတယ်လည်း ဆိုပါတယ်။

ကရင်နီမိဘပြည်သူတစ်ရပ်လုံးနဲ့ အသက်သွေးချွေး ပေးဆပ်ခဲ့ရတဲ့ အာဇာနည်များအားလုံးကို လေးစားဂုဏ်ယူအသိအမှတ်ကြောင်းနဲ့ ပြည်သူတွေရှေ့ကနေ ခိုင်ခံ့တဲ့တံတိုင်းကြီးသဖွယ် ရပ်တည်ပြီး တိုက်ပွဲဝင်နေကြတဲ့ ကရင်နီပြည် တပ်ပေါင်းစုံကိုလည်း အထူးတန်ဖိုးထားအသိအမှတ်ပြုကြောင်းလည်း ပြောပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ပြည်နယ်နဲ့ ယူနစ်တွေ ကြားသာမက အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့လည်း ပိုမိုထိစပ်ပြီး ဆောင်ရွက်နိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။

အတူတကွ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့လုပ်ဆောင်လာနိုင်ခဲ့တာကြောင့် နိုင်ငံတကာရဲ့ အာရုံစူးစိုက်အားပေး ထောက်ခံမှု အားကောင်းလာခဲ့ပြီး ၂၀၂၅ ခုနှစ်အတွင်းမှာလည်း ဆထက်တံပိုး ပိုမိုစနစ်ကျပြီး နိုင်ငံတကာရဲ့ လူမှုရေး နဲ့ နိုင်ငံရေးအရ ပိုမိုထောက်ခံအားပေးမှုရရှိဖို့ ဆက်လက်ဖော်ဆောင်သွားမယ်လို့လည်း ရေးသားထားပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌ ခွန်းဘီထူးကလည်း ၂၀၂၅ ခုနှစ်မှာ ကရင်နီပြည်နယ်က စစ်ကောင်စီစခန်းတွေကို အပြီးသိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။