ILO ညီလာခံမှာ မြန်မာနိုင်ငံကိုယ်စားလှယ်တွေ တက်ရောက်ခွင့်မရ

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ (၁၁၁) ကြိမ်မြောက်ညီလာခံအတွက် မြန်မာနိုင်ငံကကိုယ်စားလှယ်တွေ တက်ရောက်ခွင့်မပေးဖို့ဆုံးဖြတ်ခဲ့ကြောင်း ILO က ဇွန်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ILO ရဲ့ (၁၁၁) ကြိမ်မြောက်ညီလာခံကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ဇွန်လ ၅ ရက်နေ့က ၁၇ ရက်နေ့ အထိကျင်းပနေတာပါ။

ဒီညီလာခံကိုတက်ရောက်ဖို့ စစ်ကောင်စီရဲ့ အလုပ်သမား‌ရေးဝန်ကြီး ဦးပွင့်ဆန်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အလုပ်သမားရေးဝန်ကြီး နိုင်သု၀ဏ္ဏတို့က မေလ ၉ ရက်နဲ့ ၁၄ ရက်တို့မှာ အသီးသီးအဆိုပြုခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ILO နဲ့ တခြား နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ မြန်မာ့အရေးအပေါ် ထုတ်ပြန်ချက်တွေနဲ့ မြန်မာနိုင်ငံရဲ့ကိုယ်စားလှယ်တွေကိုအသိအမှတ်မပြုတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်အရ အခုလိုဆုံးဖြတ်ခဲ့တာလို့ ILO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၁၉၅၀ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်တွေထဲမှာ နိုင်ငံတစ်နိုင်ငံရဲ့ အငြင်းပွားစရာ အစိုးရကိုယ်စားပြုမှုမှာ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ သဘောထားကို ထည့်သွင်းစဥ်းစားရမယ်ဆိုတဲ့အချက် ပါဝင်ပါတယ်။

ILO အနေနဲ့ အခုလိုဆုံးဖြတ်ဖို့ ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်အပြင် လူ့အခွင့်အရေးကောင်စီရဲ့ဆုံးဖြတ်ချက်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ထည့်သွင်းစဉ်းစားခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်က ကျင်းပတဲ့ ILO ရဲ့ အကြိမ် (၁၁၀) မြောက် ညီလာခံမှာလည်း မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခွင့်မရခဲ့ပါဘူး။