မြန်မာအလုပ်သမားတွေ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရကြောင်း ILO ပြော

RFA Burmese
2023.07.27
မြန်မာအလုပ်သမားတွေ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရကြောင်း ILO ပြော ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှ စက်ရုံအလုပ်သမားများအား ၂၀၁၉ ခုနှစ် ဇွန်လ ၂၆ ရက်နေ့က တွေ့ရစဉ်။
AFP

မြန်မာနိုင်ငံက အလုပ်သမားတွေဟာ ကိုဗစ်ကပ်ရောဂါနဲ့ ၂ဝ၂၁ စစ်အာဏာသိမ်းမှုဆိုးကျိုးတွေနဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ လူမှုစီးပွားပြဿနာတွေကို တွေ့ကြုံခံစားနေရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က ပြောကြားလိုက်ပါတယ်။

ဇူလိုင် ၂၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ ILO အစီအရင်ခံစာသစ်မှာ "မြန်မာနိုင်ငံက အလုပ်အကိုင်အခြေအနေတွေဟာ ခိုင်မာမှု မရှိသေးသလို၊ အလုပ်သမားတွေဟာလည်း မရေရာတဲ့ အနာဂတ်နဲ့စိန်ခေါ်မှုတွေ အများအပြား ရင်ဆိုင်နေရကြောင်း၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေးဟာ နိုင်ငံနဲ့နိုင်ငံသားတွေအတွက် အသက်တမျှ အရေးပါတဲ့အခြေအနေဖြစ်ပြီး လူမှုရေးတရားမျှတမှုနဲ့ အလုပ်အကိုင်ကောင်းတွေပြန်ရဖို့ အရေးကြီးတဲ့ အခြေအနေတစ်ရပ် ဖြစ်ပါတယ်"လို့ ILO မြန်မာရဲ့ဆက်ဆံရေးအရာရှိ Donglin Li က ပြောထားပါတယ်။

ဒီလိုစိန်ခေါ်မှုတွေဟာ အမျိုးသမီးတွေအပေါ် ပိုပြီးအကျိုးသက်ရောက်နေပြီး လူဦးရေနဲ့ အလုပ်အကိုင် အချိုးအစား နှိုင်းယှဉ်ရင် အလုပ်မရတဲ့ အမျိုးသမီးအရေအတွက်ဟာ အမျိုးသားတွေထက် နှစ်ဆပိုများနေတယ်လို့လည်း ILO က ပြောထားပါတယ်။

တချို့လုပ်ငန်းတွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပြန်ပြီးတိုးလာပေမဲ့ လူဦးရေတိုးနှုန်းကိုတော့ လိုက်မမှီသေးကြောင်း ILO က ထောက်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ လူဦးရေရဲ့ ၈.၂ ရာခိုင်နှုန်းသာ အလုပ်လိုအပ်ချက်ရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်မှာတော့ လူဦးရေရဲ့ ၅၄.၅ ရာခိုင်နှုန်းအထိ အလုပ်လိုအပ်ချက် ရှိနေတာတွေ့ရတာကြောင့် အလုပ်လက်မဲ့နှုန်းက သိသာစွာတိုးလာတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။