အင်းတော်မှာ တစ်ကျော့ပြန်တိုက်ပွဲများ ပြင်းထန်နေ

RFA Burmese
2024.11.04
အင်းတော်မှာ တစ်ကျော့ပြန်တိုက်ပွဲများ ပြင်းထန်နေ အင်းတော်မြို့ တိုက်ပွဲအတွင်း ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံတချို့ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့မှာ နိုဝင်ဘာလ ၁ ရက်နေ့ကစလို့ တိုက်ပွဲတွေ တစ်ကျော့ပြန်ဖြစ်ပွားနေပြီး နိုဝင်ဘာလ ၄ ရက် ဒီနေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အင်းတော်မြို့တွင်း စစ်ကောင်စီတပ် အထိုင်ချထားတဲ့ ဘုရားကုန်း၊ တပ်မကုန်းနဲ့ ကြာအင်းကြားရွာ တောင်ကုန်းတပ်စခန်း သုံးနေရာကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ကလည်း လေကြောင်းသုံးပြီး အပြင်းအထန် တန်ပြန်တိုက်ခိုက်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီနေ့မနက်ကတော့ ကြာအင်းကြားရွာက တောင်ကုန်းတွေမှာ တိုက်ပွဲသံတွေရော၊ လေယာဉ်သံတွေရော ကြားနေရတယ်။ ပြီးတဲ့လမှာက တိုက်ပွဲက ငြိမ်သွားတယ်။ ဒါပေမဲ့ မြို့ပေါ်က စစ်ကောင်စီစခန်းတွေ လှုပ်မရအောင် ဝိုင်းထားလိုက်တာပေါ့။ အခု ကာကွယ်ရေးဘက်က ပြန်ထိုးနေတာ။ စကစဘက် လေယာဉ်နဲ့ အပြင်းအထန်ကို လာပစ်နေတာ”

တစ်ကျော့ပြန် တိုက်ပွဲအတွင်းမှာ နှစ်ဖက်အကျဆုံးလည်းတွေလည်း ရှိနေပြီး အတိအကျကို မသိရသေးဘူးလို့ သူက ပြောပါတယ်။

ဒီကိစ္စနဲ့ ပက်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူထံ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက အင်းတော်မြို့ကို သိမ်းပိုက်နိုင်ရေး ကာကွယ်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေတာဖြစ်ပြီး နဘားလမ်းဆုံ နဲ့ နန့်သာရွာက စစ်ကောင်စီတပ်စခန်း နှစ်ခုကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

အင်းတော်မြို့လိုပဲ မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း ပင်လည်ဘူးမြို့ကိုတော့ အောက်တိုဘာလ ၈ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။