တောင်အာရှ သတင်းထောက်အသင်းဥက္ကဋ္ဌ စစ်ကောင်စီနဲ့တွေ့ဆုံအပြီး အသင်းဝင်တွေနုတ်ထွက်

အိန္ဒိယအခြေစိုက် တောင်အာရှ နိုင်ငံခြားသတင်းထောက်များအသင်း (The Foreign Correspondents' Club of South Asia) ဥက္ကဋ္ဌ S. Venkat Narayan ဟာ စစ်ကောင်စီလက်အောက်ခံ Global New Light of Myanmar သတင်းစာရဲ့ ဖိတ်ကြားချက်အရ ပြီးခဲ့တဲ့ သီတင်းပတ်က နေပြည်တော်ကို သွားရောက်ပြီး စစ်ကောင်စီ ဝန်ကြီးလေးဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီလို တွေ့ဆုံပြီးနောက် FCC South Asia အသင်းဝင် သတင်းထောက်ဆယ်ဦး နုတ်ထွက်လိုက်ကြတယ်လို့ အိန္ဒိယ The Wire သတင်းက ဇွန်လ ၁၂ ရက်နေ့က ဖော်ပြပါတယ်။

နေပြည်တော်ခရီးစဉ်နဲ့ပတ်သက်ပြီး Economist, Washington Post, AFP, Financial Times, Radio France International နဲ့ ARD စတဲ့ ထင်ရှားတဲ့ သတင်းဌာနတွေက ဌာနမှူးတွေအပါအဝင် လက်ရှိ FCC အဖွဲ့ဝင်ဆယ်ယောက်က အကြောင်းကြားစာ ပေးပို့ပြီး နုတ်ထွက်လိုက်ကြတာပါ။ ဒီပေးစာမှာ အိန္ဒိယအခြေစိုက် FCC အဖွဲ့ဝင်ဟောင်း နိုင်ငံခြားသတင်းထောက် ၂၂ ယောက်က ထောက်ခံထားတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီရဲ့ Global New Light of Myanmar သတင်းစာမှာဖော်ပြမှသာ အသင်းဥက္ကဋ္ဌရဲ့ ခရီးစဉ်အကြောင်းကို သိရတာလို့ လက်မှတ်ရေးထိုးသူ တစ်ယောက်က ပြောတဲ့အကြောင်း သတင်းမှာ ဖော်ပြပါတယ်။

FCC South Asia အသင်းဥက္ကဋ္ဌ ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ထင်မြင်ချက် မပေးလိုဘူးလို့ The Wire သတင်းဌာနကို ပြောပါတယ်။

ဒီကိစ္စကိုဆွေးနွေးဖို့ ဇွန်လ ၁၃ ရက်နေ့မှာ FCC South Asia အရေးပေါ်အစည်းအဝေး ပြုလုပ်မယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။