အိန္ဒိယပိုင်နက် ဗုံးကျမှု မြန်မာနဲ့ ဆွေးနွေးနေ

RFA Burmese
2023.01.19
Share on WhatsApp
Share on WhatsApp
အိန္ဒိယပိုင်နက် ဗုံးကျမှု မြန်မာနဲ့ ဆွေးနွေးနေ အိန္ဒိယ-မြန်မာနယ်စပ် Tiau မြစ်ကမ်းနားတွင် လုံခြုံရေးယူထားသည့် အိန္ဒိယစစ်သားများ။
AFP

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်မှာရှိပြီး နှစ်နိုင်ငံနယ်ခြားက မြစ်ကြမ်းပြင်ပေါ် မြန်မာဘက်က ဗုံးဆန်ကျရောက်တဲ့ကိစ္စ ဆွေးနွေးနေတယ်လို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက မနေ့က ပြောကြားလိုက်ပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်မှာရှိတဲ့ ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ကို စစ်ကောင်စီက ဒီလ ၁၀ ရက်နဲ့ ၁၁ ရက်က လေကြောင်းစစ်ဆင်ချိန်မှာ အိန္ဒိယလေပိုင်နက်ကို မကျူးကျော်ပေမဲ့ ၁၀ ရက်နေ့မှာ ကျန်ဖိုင်ခရိုင် ဖာကော်ကျေးရွာမှာရှိတဲ့ မြစ်ထဲ ဗုံးဆန်ကျရောက်ခဲ့တာဟာ အိန္ဒိယအတွက် စိုးရိမ်စရာဖြစ်ပြီး ဒီကိစ္စ မြန်မာနဲ့ဆွေးနွေးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူ Arindam Bagchi က ပြောကြားတဲ့အကြောင်း Times of India သတင်းက ဖော်ပြပါတယ်။

CNF ဌာနချုပ်ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ငါးစီးနဲ့ ဒီလ ၁၀ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ဒီအတွက် ကျန်ဖိုင်ခရိုင်မှာနေထိုင်ကြတဲ့ ဒေသခံတွေ အထိတ်တလန့်ဖြစ်ရတယ်လို့လည်း သတင်းမှာဖော်ပြပါတယ်။

000_9ND43P.jpg
ချင်းပြည်နယ်မှ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့သည့် ဒုက္ခသည်များကို ၂ဝ၂၁ စက်တင်ဘာ ၂၃ ရက်နေ့က မီဇိုရမ်ပြည်နယ် ဖာကောအခြေချစခန်းတွင် တွေ့ရစဉ်။ (Photo: AFP)

ဒီတိုက်ခိုက်မှုအတွင်း အိန္ဒိယနိုင်ငံရဲ့ လေပိုင်နက်ကိုအသုံးပြုခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပြင် လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ ချင်းလူမှုအဖွဲ့အစည်းတွေနဲ့ မီဇိုရမ်ပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေက ဝေဖန်ထောက်ပြခဲ့ကြပါတယ်။

ဒါ့အပြင် အိန္ဒိယရဲ့အချုပ်အခြာအာဏာကို မလေးမစားနဲ့ တိုက်ရိုက်စိန်ခေါ်မှုဖြစ်ပြီး အိန္ဒိယလူမျိုးတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်လို့ မီဇိုရမ်ပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေက ကန့်ကွက်ရှုတ်ချထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။